
စက်တင်ဘာ ၁၁ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့အနီးက စက်တော ၊ နားယကာ စတဲ့ကျေးရွာတွေမှာ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ PDF တွေဟာ ကျေးရွာအတွင်း တိုက်ပွဲဖော်ဆောင်တာ မပြုလုပ်ဖို့အတွက် ကတူးလူငယ်က မနေ့က စက်တင်ဘာ ၁၀ ရက်နေ့မှာ မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ကတူးလူငယ်အဖွဲ့ချုပ်နဲ့ ကတူးရဟန်းတော်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကျေးရွာအတွင်း ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ်နဲ့ အများပိုင်အဆောက်အဦးတွေထိခိုက်ပျက်စီးခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။
လူနည်းစု ကတူးတိုင်းရင်းသားတွေဟာ ပျောက်ကွယ်လာနေတာတွေကို စိုးရိမ်ဖွယ်အခြေအနေတစ်ရပ်ဖြစ်နေပြီး ကျေးရွာအတွင်းတိုက်ပွဲတွေကြောင့် ကျေးရွာထိိခိုက်ပျက်စီးသွားမယ်ဆိုရင် ပြန်လည်ထူထောင်ရေးမလွယ်ကူနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီတိုင်းရင်းသား ၇၀ ရာခိုင်နှုန်းရှိပြီး ကတူးတိုင်းရင်းသား ၁၄ ရာခိုင်နှုန်းနဲ့ ကနန်းတိုင်းရင်းသား ၁၂ ရာခိုင်နှုန်းနေထိုင်ကြတာဖြစ်ပါတယ်။
ကတူးတိုင်းရင်းသားတွေကို ငဲ့ညှာသောအားဖြင့် ကျေးရွာအတွင်း တပ်စွဲတာ ၊ ဝင်ရောက်နေထိုင်တာတွေ နဲ့ တိုက်ခိုက်တာတွေ မပြုလုပ်ဖို့အတွက် တောင်းဆိုမှုတွေပြုလုပ်ထားတာဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ KIA+PDF ပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့နဲ့ ၃ မိုင်ပတ်ဝန်းကျင်ရှိကျေးရွာတွေမှာ လှုပ်ရှားနေကြတာဖြစ်ပါတယ်။
နားယကာကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း SNA နဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြားထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
