ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း  လေးထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်

စက်တင်ဘာ ၂၄ ၊ ရန်ကုန် 

ဒီဇင်ဘာလမှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၄၉၆၃ ဦးရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က မနေ့က သတင်းထုတ်ပြန်ပါတယ်။ 

နိုင်ငံတစ်ဝှမ်းလုံးကို ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီ ၆ ခုထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၁၀၁၈ ဦးနဲ့အများဆုံးဝင်ရောက်ယှဉ်ပြိုင်သွားမှာလို့ ဆိုပါတယ်။ 

တစညပါတီ၊ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ ကျားဖြူပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တောင်သူလယ်သမားပါတီ တွေကတော့ ကိုယ်စားလှယ်ပျှမ်းမျှ ငါးရာကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ 

တစညပါတီက ၆၉၄ ဦး ၊ ပြည်သူ့ပါတီက ၅၁၂ ဦး ၊ တောင်သူလယ်သမားပါတီက ၄၂၈ ဦး ၊  ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ၆၇၂ ဦး ၊ ကျားဖြူပါတီက  ၅၈၄ ဦးဝင်ရောက်ယှဉ်ပြိုင်သွားမှာလို့ သိရပါတယ်။ 

တိုင်းနဲ့ပြည်နယ် တစ်ခုအတွင်းသာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီတွေကတော့ ကိုယ်စားလှယ်ပေါင်း ၉၆၀ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပဲဖြစ်ပါတယ်။ 

တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့်သူ စုစုပေါင်း ၉၅ ဦးရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်ဟာ  ပါတီတွေရဲ့ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းအရေအတွက်ကို သတင်းမထုတ်ပြန်ခင်မှာပဲ ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းရမယ့် အနည်းဆုံးသော  အရေအတွက်ကို လျှော့ချတဲ့ ဥပဒေတစ်ရပ်ထုတ်ပြန်ထားပါတယ်။  

ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းမှုတွေကို စက်တင်ဘာလ ၈ ရက်နေ့ကနေ စတင်ခဲ့တာလည်းဖြစ်ပါတယ်။ 

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲ ပထမအပိုင်းမှာ စုစုပေါင်း မဲဆန္ဒနယ် ၇၁၂နယ် ရှိနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *