ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်များထွက်ပေါ်လာ 

အောက်တိုဘာ ၂၀ ၊ မိုးညှင်း

စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းများကို မနေ့က(၁၉)ရက်နေ့ကနေစတင်ပြီး ဒေသအသီးသီးမှာ ကြေညာကပ်ထားပြီးဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီများအပါအဝင်  ၁၀ ပါတီရှိပြီး တစ်သီးပုဂ္ဂလ (၃) ဦးဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနားမြို့နယ် နဲ့ မိုးညှင်းမြို့နယ်တို့ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ပထမအပိုင်းမှာ ပါဝင်တာလည်းဖြစ်ပါတယ်။ 

ကချင်ပြည်နယ် လွတ်တော်ရဲ့  မြစ်ကြီးနားမြို့နယ်မဲဆန္ဒနယ်အတွက် လက်ရှိကချင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးခက်ထိန်နန် က ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီးတော့ စစ်ကောင်မရှင် အကြံပေး ဒေါ်ဒွဲဘူက အမှတ်(၅)​မဲဆန္ဒနယ်မြေ အမျိုးသားလွတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလို့ သိရပါတယ်။ 

ရှမ်းနီပါတီဖြစ်တဲ့ ကျားနီပါတီရဲ့ ဥက္ကဌ ဦးစိုင်းဌေးအောင်က မိုးညှင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နေရာမှာဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စာရင်းများကိုလည်း မိုးညှင်းမြို့ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှာ ကပ်ထားပြီးဖြစ်တယ်လို့ ကော်မရှင်နဲ့နီးစပ်သူများထံမှ သိရပါတယ်။ 

သို့သော် ကချင်ပြည်နယ်အတွင်းက  နယ်မြေတည်ငြိမ်မှုမရှိတဲ့ဒေသတွေဖြစ်တဲ့  ဖားကန့်မြို့နယ်နဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတို့မှာ ရွေးကောက်ပွဲအတွက် မဲစာရင်းကပ်ထားနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံများထံမှသိရပါတယ်။

မဲစာရင်းမကပ်နိုင်တဲ့ကျေးရွာတွေမှာ လက်နက်ကိုင်တပ်တွေကြား စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ နားလည်ရပြီး တချို့ကျေးရွာဟာ တည်ငြိမ်မှုရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

လာမယ့်နိုဝင်ဘာလထဲ ပြန်လည်ကြေညာမယ့် မဲစာရင်းတွေမှာ အခုကျန်ရှိနေတဲ့ ကျေးရွာတွေကို ကပ်နိုင်မယ်လို့ ယူဆကြောင်း ရွေးကောက်ပွဲနဲ့နီးစပ်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *