ရွှေဘို-မြစ်ကြီးနား  ကွင်းလမ်းများတွင် ခရီးသည်ယာဉ်များနှင့် ကုန်တင်ကား ထောင်နှင့်ချီ ပိတ်မိနေ 

ဇွန် ၁၁ ၊ ရွှေဘို 

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက ပိတ်ဆို့ထားမှုကြောင့် ကွင်းလမ်းများအသုံးပြုကာ သွားလာနေကြရပြီး ဇွန်လအတွင်းမှာ ခရီးသည်ယာဉ် နှင့် ကုန်တင်ယာဉ် ထောင်နှင့်ချီ ဟာ ပိတ်မိလျက်ရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။ 

ကားတွေက ရာနဲ့ထောင်နဲ့ချီပဲ အတန်းအရှည်ကြီးတွေပဲ ပိတ်မိနေတာ၊ မိုးရွာတာ ကွင်းလမ်းတွေကလည်း ရေတွေကြီးနေတာ ၊ ပိတ်ထားတာတချို့လမ်းတွေကလည်း မပေးသွားဘူး” လို့ လမ်းခရီးထဲရောက်နေတဲ့ ခရီးသွားတစ်ဦးက ဆိုပါတယ်။ 

ရွှေဘိုကနေ မိုးညှင်းအထိ ဇီးကုန်း ၊ စံပယ်နံ့သာ ၊ မြေမွန် ၊ ပေကြီး ၊ ကောလင်း စတဲ့ကွင်းလမ်းအသီးသီးကို ကွင်းသွားကြရတာလည်းဖြစ်ပါတယ်။ 

မိုးရွာသွန်းမှုများကြောင့် မြေသားလမ်းဖြစ်တဲ့  ကွင်းလမ်းများ လုံးဝနီးပါးပျက်စီးသလိုဖြစ်ပြီး ခရီးနှောင့်နှေးမှုတွေရှိတယ်လို့ ခရီးသည်တွေက ဆိုပါတယ်။ 

ရွှေဘိုမြို့မှ မိုးညှင်းမြို့အထိ ဗျူဟာလမ်းပိုင်းမှမဟုတ်ဘဲ  ပုံမှန်ကွင်းလမ်းကနေ  ခရီးသည်တင်ယာဉ်ငယ်တွေဟာ နှစ်ရက်ခရီးမောင်းနှင်နေရပြီး ကုန်ကားတွေက တစ်ပတ်နီးပါးကြာမြှင့်နေတာဖြစ်တယ်လို့သိရပါတယ်။ 

ရေဦးမြို့နယ်ထဲကနေ  အင်းတော်မြို့အထိ ကွင်းလမ်းအဆင့်ဆင့်နဲ့ သွားရပြီး ကုန်ကျစရိတ်တွေလည်းကြီးမြှင့်တယ်လို့သိရပါတယ်။

ကားခက နှစ်သိန်းခွဲ ၊ သုံးသိန်းအစားစားရှိတယ်။ ကွင်းလမ်းက လမ်းကကြာရင်ကြာသလိုထပ်ကုန်တယ်။ ကြက်ဥကြော်နဲ့ ထမင်းဖြူကို ငါးထောင် ၊ ကွင်းလမ်းတွေက ဟိုအဖွဲ့ကပိတ် ဒီအဖွဲ့ကပိတ်ဆိုရင် ပိုတောင်ကြာသေးတယ်” လို့ ခရီးသွားခဲ့တဲ့ မိုးညှင်းဒေသခံတစ်ဦးကပြောပါတယ်။ 

မန္တလေးနဲ့ ကချင်ပြည်နယ်အတွက် ခရီးသွားဖို့ ကွင်းလမ်းတွေဟာ ၂၀၂၃ ခုနှစ်ကတည်းကစလို့ ဖြစ်ပေါ်လာခဲ့ပြီး ယနေ့အထိ ကွင်းလမ်းတွေကိုသာ အဓိကထားပြီး ခရီးသည်နဲ့ ကုန်စည်တွေသွားလာနေရတာကြောင့် ကုန်စျေးနှုန်းကြီးမြှင့်မှုတွေကို ကြုံနေကြရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *