
စက်တင်ဘာ ၁ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းက နယ်မြေတချို့ကိုထိန်းချုပ်ထားတဲ့ NUG လက်အောက်က တပ်ဖြစ်တဲ့ HPDF124 တပ်ရဲ့ခေါင်းဆောင်တချို့၊ တပ်သားနဲ့ အရပ်သား ၂၀ ဝန်းကျင်ကို ဟုမ္မလင်းမြို့နယ် ပကဖ က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုအရသိရပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ ဟုမ္မလင်းမြို့နယ်-ဖောင်းပြင်နယ်စပ်က နမ့်နမ်းစျေးတန်းမှာရှိတဲ့ HPDF124 ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစိုင်းအောင်ရဲ့နေအိမ်ကို NUG ရဲ့ ပကဖ ၊ ပအဖ နဲ့ ခန္တီးခရိုင်တပ်ရင်း စုစုပေါင်း အင်အား ၂၀၀ နဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
ရှမ်းနီလူငယ်တွေစုပြီး PDF တပ်ဖွဲ့အသစ်ကို တည်ထောင်မည့် သတင်းကြောင့်ဟု ဒေသခံတွေက ဆိုကြပါတယ်။
“ ရှမ်းနီကလေးတွေစုပြီး ရှမ်းနီ PDF အဲ့တာ သပ်သပ်လုပ်မလို့ အဲ့ဒါကို ဟိုဘက်က သဘောမကျတော့ သူတို့ကို ပုန်ကန်တယ်ဆိုပီး လုပ်လိုက်တော့သဘောပါ့။ သူ့(ကိုစိုင်းအောင်) ရဲဘော်တွေနဲ့ ရွာကလူ ၂၀ ကျော်လောက်တော့ အဖမ်းခံထားရတယ်။ ဘာသတင်းမှတော့မကြားရသေးဘူးရှင့်” ဟု နမ့်နမ်းဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
အခု ပစ်ခတ်မှုပြီးနောက်ပိုင်းမှာ ကိုစိုင်းအောင် နဲ့အတူ PDF ရဲဘော် နဲ့ ပြည်သူ ၂၀ ဝန်းကျင်ဖမ်းဆီးခံရပြီး သတင်းတွေပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အဲ့သလို လာရောက်ဖမ်းဆီးစဉ်မှာလည်း ပစ်ခတ်သံတွေကြားရပြီး ပစ်ခတ်မှု စုစုပေါင်း အချိန် ၂ နာရီဝန်းကျင်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
“ မနက်တောင်မထသေးပါဘူး အသံကြားတာနဲ့ အကုန်လန့်ပြေးကြတော့တာပါပဲ စျေးတန်းတစ်ခုလုံးက ။ ပစ်ခတ်တာတွေက လက်နက်ငယ်တွေ ၊ လက်နက်ကြီးသံတွေအစုံပဲပါ့အေ။ နှစ်နာရီကျော်လောက်ကြာတာပါ့” လို့ နမ့်နန်းစျေးတန်းမှာ စျေးရောင်းနေတဲ့ စျေးသည်တစ်ဦးကပြောပြပါတယ်။
HPDF124 နဲ့ နီးစပ်တဲ့ ဒေသခံတွေကလည်း ဒီဖြစ်စဉ်ကို အတည်ပြုပြောဆိုထားကြပေမယ့် HPDF124 ဘက်ကတော့ တရားဝင် ပြောဆိုထုတ်ပြန်တာမျိုးမရှိသေးပါဘူး။