
အောက်တိုဘာ ၂၂ ၊ လဟယ်
အိန္ဒိယ-မြန်မာနယ်စပ်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်ရှိ နာဂလက်နက်ကိုင်တပ်စခန်းကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် ၅ ဦးသေဆုံးခဲ့တယ်လို့ အိန္ဒိယသတင်းတွေကဖော်ပြပါတယ်။
အင်ဒို-မြန်မာနယ်စပ်တစ်လျှောက်ရှိ Ulfa-I စခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA) အဖွဲ့ရဲ့ ထိပ်ပိိုင်းခေါင်းဆောင်တစ်ဦး ဒဏ်ရာပြင်းထန်ခဲ့သလို သူ့ရဲ့ကိုယ်ရံတော် ၃ ဦးလည်း ထိခိုက်ခဲ့ကြောင်း ရေးသားဖော်ပြကြပါတယ်။
ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ စခန်းတွေဟာ အိန္ဒိယလုံခြုံရေးတပ်များဟာ မကြာသေးမီက တိုက်ခိုက်ခံရမှုအတွက် တာဝန်ရှိသူများကို ခိုလှုံခွင့်ပေးထားတာကြောင့်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံ အရူနာတာဒေ့ရှ်ပြည်နယ်က ချန်းလန်ခရိုင် မန်မာအို အနီးရှိ အာသံရိုင်ဖယ်တပ်ရဲ့ အခြေစိုက်စခန်းတစ်ခုကို အောက်တိုဘာလ ၁၆ ရက်နေ့ အာရုံမတက်မှီအချိန်မှာ တိုက်ခိုက်ခံရမှုအပြီး အခုလိုတန်ပြန်တိုက်ခိုက်မှုတွေဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်ခံရမှုအတွင်း အာသံရိုင်ဖယ်တပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့တဲ့ ထိုတိုက်ခိုက်မှုကို ULFA-I အဖွဲ့မှ ကေဒါများနှင့် ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း NSCN-K/YA က ကြေညာခဲ့ပါတယ်။
အိန္ဒိယရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ဗိုလ်ချုပ် ပီးအောင် ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး သူ့ရဲ့ဇနီးနဲ့ ကိုယ်ရေးအရာရှိတွေလည်း ထိခိုက်ခဲ့တယ်လို့ CNI သတင်းဌာနကဖော်ပြပါတယ်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)၏ တပ်စခန်းတွေဟာ လဟယ်မြို့နယ်၊ ကမ်မော်လောရီကျေးရွာတွင်တည်ရှိပြီး အိန္ဒိယနယ်စပ်မျဥ်းနှင့် ဆယ်မိုင်ကျော်သာ ကွာဝေးတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာလည်း နန်းယွန်းမြို့နယ် နာယန်းကျေးရွာအနီးက United Liberation Front of Asom (ULFA) ရဲ့ တပ်စခန်းတွေကို အိန္ဒိယ ဒရုန်းအစင်း ၁၅၀ကျော်နဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်။
တိုက်ခိုက်ခံရမှုတွေကြောင့် တပ်ဖွဲ့ရဲ့ထိပ်တန်းတပ်မှူး နှစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိတယ်လို့သိရပါတယ်။
