
အောက်တိုဘာ ၁၇ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ ခရီးသွားလာမှုတွေကို အဓိကမှီခိုနေရတဲ့ လေကြောင်းလိုင်းတွေဟာ ရက်မှန်ပြေးဆွဲခြင်းမရှိတဲ့အပြင် လက်မှတ်စျေးနှုန်းတွေလည်းမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေး-ဟုမ္မလင်းသို့ လက်မှတ်နှုန်းထား ကျပ်ငါးသိန်းကျော်ဝန်ကျင်သာရှိနေပြီး ဒီနေ့ကစလို့ ကျပ်ခြောက်သိန်းကျော်ခဲ့ပြီလို့ သိရပါတယ်။
လေယာဉ်လက်မှတ်စျေးနှုန်းများ မြင့်တက်လာပေမယ့်လည်း လာမယ့် ဒီဇင်ဘာလမှသာ မန္တလေး-ဟုမ္မလင်းအတွက် လက်မှတ်တွေရရှိတော့မှာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
“ လက်မှတ်တွေက မရတော့ဘူး။ ဒီကြားထဲ စျေးတွေကပြန်တက်လာတယ်၊ အပြင်ပေါက်စျေးက ၁၀ သိန်းကပ်တယ်။ သူတို့ အေးဂျင့်တွေမှာတော့ ၆ သိန်းကျော်လို့အော်နေတယ်” လို့ ဟုမ္မလင်း ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ မန္တလေးမှ ဟုမ္မလင်းမြို့သို့ လေကြောင်းလိုင်းနဲ့ ခရီးသွားမယ့်ခရီးအမြောက်အများဟာ မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ တည်းခိုနေရတယ်လို့ သိရပါတယ်။
တချို့လည်း စားဝတ်နေရေးအတွက် အခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။
မန္တလေး- ဟုမ္မလင်းမြို့ကို လွန်ခဲ့တဲ့ လအနည်းငယ်အထိ တစ်ရက်တာအတွက် လေယာဉ် ၃ စီးမှ ၇ စီးအထိ ပြေးဆွဲမှုတွေရှိခဲ့ပြီးနောက် လက်ရှိမှာ တစ်ပတ် ၂ ကြိမ်မှ ၄ ကြိမ် အထိသာပြေးဆွဲတော့တာဖြစ်ပါတယ်။
ဟုမ္မလင်း-မန္တလေး လေယာဉ်လက်မှတ်နှုန်းထားတွေဟာလည်း တစ်နှစ်အတွင်းမှာ ကျပ်သုံးသိန်းခွဲကနေ ကျပ်ခြောက်သိန်းအထိ စံချိန်တင်မြင့်တက်မှုလည်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဟုမ္မလင်းမြို့အတွက် ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုတွေအတွက် ကုန်းလမ်းပိုင်းတွေမှာ တိုက်ပွဲကြောင့် လုံးဝရပ်တန့်နေချိန်မှာ လေကြောင်းလိုင်းများလည်း အကန့်အသတ်ရှိလာပြီး ကုန်စျေးနှုန်းတွေကြီးမြင့် လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ကုန်စည်စီးဆင်းမှုတွေကို ဗန်းမောက်မြို့နယ်ကနေအဓိကအားထားခဲ့ရပေမယ့် လက်ရှိတိုက်ပွဲတွေကြောင့် ရပ်တန့်နေတာပါ။
ပြည်တွင်းလေကြောင်းလိုင်းကို ART 72-600 အမျိုးအစားတွေနဲ့ အဓိကထားပျံသန်းပြီး ခရီးသည် ၇၀ ဝန်းကျင်သယ်ဆောင်နိုင်တာလည်းဖြစ်ပါတယ်။