


ဩဂုတ် ၁၃ ၊ နေပြည်တော်
ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးတွေကို တာဝန်ယူပေးသွားမယ်လို့ ဩဂုတ်လ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။
ကိုယ်စားလှယ်တွေရဲ့ စည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ သူတို့ရဲ့လုံခြုံရေးကို စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုတာပါ။
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း၊ နိုင်ငံရေးပါတီဝင်တွေကို မဲဆွယ်စည်းရုံးရေးကာလကနေ မဲပေးတဲ့ကာလအထိ လုံခြုံမှုတွေရှိစေဖို့ လိုအပ်တဲ့ ကာကွယ်မှုတွေကိုပေးသွားမယ်လို့ဆိုပါတယ်။
“လုံခြုံရေးယူပေးမယ့်ဟာကတော့ နီးကပ်တဲ့အခါမှ ပြန်စီစဉ်မယ့်ဟာလို့ မြင်ပါတယ်” လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းမိုးဟိန်းက ဆိုပါတယ်။
ဇူလိုင်လကုန်မှာပဲ ရွေးကောက်ပွဲကျင်းပမယ့်ကာလအတွင်း လုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီတစ်ရပ်ကိုဖွဲ့စည်းထားပြီး လုံခြုံရေးအပြင် ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ လှုပ်ရှားမှုတွေကို စောင့်ကြည့် သတင်းရယူတာ နဲ့ အရေးယူတာတွေကိုလည်း ဆောင်ရွက်နိုင်ဖို့လမ်းညွှန်ရမယ်လို့ဆိုထားပါတယ်။
လုံခြုံရေးဆိုင်ရာ ကော်မတီတွေကို တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့်တွေသတ်မှတ်ထားသလို ရွေးကောက်ပွဲကော်မရှင်တွေကစလို့ ကိုယ်စားလှယ်လောင်းတွေအထိ လုံခြုံရေးကိစ္စရပ်တွေကိုတောင်းခံနိုင်တယ်လို့ဆိုထားပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့ နည်းလမ်းနဲ့ ကျင်းပသွားဖို့ပြောထားပြီး ရွေးကောက်ပွဲကာလမှာ သတ်ဖြတ်မှုတွေလည်း ပိုဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
လတ်တလောမှာ ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေ သတ်မှတ်ခြင်းမရှိသေးသလို မြို့နယ် ၆၃ မြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာထားပြီး ထိုမြို့နယ်တွေဟာ စစ်တပ်က လက်လွှတ်ထားရတာဖြစ်ပါတယ်။