
ဒီဇင်ဘာ ၁၇ ၊ဝိုင်းမော်
ကချင်ပြည်နယ်၊ဝိုင်းမော်မြို့အနီးတစ်ဝိုက်ကကျေးရွာတွေမှာ စစ်ကော်မရှင်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုတွေဖြစ်ပေါ်နေတယ်လို့ မြို့ပေါ်ဒေသခံများထံမှသိရပါတယ်။
“ ဘယ်ဖက်က လှမ်းထုမှန်းလည်းမသိပါဘူး ည ၈ နာရီ ၉ နာရီလောက်က ဖြစ်တာဟုတ်တယ် ညတိုင်းဖြစ်နေတာ စနေနေ့ညလောက်ထဲက စပစ်နေတာဟုတ်တယ် ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့ ည ပိုင်းမှာ ဝိုင်းမော်မြို့၊နောင်စီပေါကျေးရွာမှာ ဒရုန်းဗုံးကျ ရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ဆောက်လက်စ KBC ဘုရားကျောင်းအသစ်နဲ့ ၃ နှစ်သက်တမ်းသာရှိသေးတဲ့ဟောခန်း အတွင်းရှိ ခေါင်မိုးနဲ့ နံရံများပျက်စီးသွားတယ်လို့သိရပါတယ်။
အဲ့ဒီအဆောက်အဦးကို ဒီနှစ်ကုန် ဒီဇင်ဘာလထဲမှာ ဖွင့်ပွဲနဲ့ ဆုတောင်းပွဲပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင်ကျေးရွာက ဒေသခံအများစုဟာ ၂၀၂၄ခုနှစ်ကဖြစ်ပွားတဲ့ တိုက်ပွဲကြောင့်တိမ်းရှောင်နေကြတာဖြစ်ပြီး ယခုနှစ်ပိုင်းမှ မိမိနေအိမ်များတွင် တစ်ဦးစ နှစ်ဦးစ ပြည်လည်နေထိုင်လာမှုတွေကြောင့် ရွာအတွင်းပြန်စည်ကားလာတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီကျေးရွာက ဝိုင်းမော်- ဗန်းမော် ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး လမ်းမကြီးကို စစ်ကော်မရှင်က ယခုထိသွားလာခွင့်တွေကန့်သတ်ထားဆဲဖြစ်သလို အဆိုပါကျေးရွာကို တရုတ်ပြည်သွားလမ်းဖြစ်တဲ့ ဝါးရှောင်ကျေးရွာပတ်လမ်းမှ သွားနေရတယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းမှာ မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်ကြောင်းမသိရှိတဲ့ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံ ထိခိုက်မှု နဲ့ ဒဏ်ရာရရှိမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေကြောင်းကို သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
