

ရှမ်းနီဒေသတွေမှာ သစ်တောပြုန်းတီးမှုက ဆယ်စုနှစ် နှစ်ခုအတွင်း မူရင်းသစ်တော ဧက တစ်သိန်းနီးပါးပျက်စီးခဲ့တယ်လို့ ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒီပမာဏဟာ မြန်မာ့အကြီးဆုံးကန်ဖြစ်တဲ့ အင်းတော်ကြီးကန်ရေပြင် လေးခုကျော်လောက် ကျယ်ဝန်းပါတယ်။ ဒီသစ်တောတွေကို မှီတင်းနေတဲ့ ချင်းတွင်းမြစ် အပါအဝင် မြစ်ပေါင်းများစွာ ၊ အသက်ပေါင်းသိန်းနှင့်ချီအပေါ် သစ်တောပြုန်းတီးမှုက သက်ရောက်မှုတွေရှိလာခဲ့ပါတယ်။ ရှမ်းနီဒေသထဲက သစ်တောတွေ ဘယ်လိုတွေ ဆုံးရှုံးခဲ့ရပါသလဲ ။ စတဲ့ ဒီအချက်တွေကို လေ့လာကြည့်ရှုကြရအောင်ပါ။ သစ်ထုတ်လုပ်မှု၊ စနစ်တကျ ထုတ်ယူခြင်းမရှိမှုတွေနဲ့ ထိန်းသိမ်းမှု မရှိခြင်းကြောင့်လို့ အကြမ်းဖျင်းဆိုလို့ရနိုင်ပါတယ်။
ရှမ်းနီတိုင်းရင်းသားတွေရဲ့ မူလဌာနေဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို မှတ်တမ်းအရ ၁၉ ရာစုနှစ် နှောင်းပိုင်းမှာ စတင်ခဲ့ပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေးမြို့တွေဖြစ်တဲ့ ဟုမ္မလင်းနဲ့ ကလေးမြို့တို့ကို အခြေတည်ပြီး သစ်တောတွေထဲက ကျွန်းသစ်ထုတ်လုပ်မှုလုပ်ငန်းတွေကို အင်္ဂလိပ်တွေက လုပ်ဆောင်ကြတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ အဲ့ဒီအချိန်က ကျွန်းသစ်တွေဟာ ကျေးရွာနံဘေးမှာတင် အလေ့ကျပေါက်တဲ့ အပင်လည်းဖြစ်ပြီး ကျွန်းသစ်ပေါများလွန်းလှပါတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒီသစ်တွေကို ဟုမ္မလင်း၊ကလေးကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းကာ အဲ့ကနေတဆင့် ဧရာဝတီမြစ်ကနေ ရန်ကုန်ဆိပ်ကမ်းအထိ တင်ပို့ခဲ့ပါတယ်။ နှစ်စဉ် သစ်တန်ချိန် သစ်သားအလုံးရေ ရာနှင့်ချီပါတဲ့ သစ်ဖောင် အစီးရေ ငါးရာအထက် အထက်ပိုင်းဒေသကနေ မြန်မာနိုင်ငံအညာဒေသဆီကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သစ်ထုတ်လုပ်မှုတွေဟာ အကန့်အသတ်မဲ့လာပြီး အလွန်အကျွံထုတ်ယူမှုတွေကို ၁၉၉၀ နောက်ပိုင်းကနေစလို့ ဒီနေ့အထိ တွေ့မြင်ရတာလည်းဖြစ်ပါတယ်။ သဘာဝ သယံဇာတစုံလင်တဲ့ သဘာဝဘေးမဲ့တောတွေ ဝိုင်းနေတဲ့ ရှမ်းနီဒေသက သစ်တောတွေဟာ တစ်ခုပြီးတစ်ခု ဆယ်စုနှစ်တွေအတွင်း လုံးပါးပါးလာခဲ့တယ်လို့ သစ်တော ထိန်းသိမ်းသူတွေက ဆိုကြပါတယ်။ ဒီသစ်တောတွေကို ပြန်ပြီးတစ်ဖန်စိုက်ပျိုးကြဖို့ ခုတ်သွားတဲ့ သူတွေမှာ တာဝန်ရှိတယ်လို့ ဒေသခံရပ်မိရပ်ဖတွေကပြောပါတယ်။ ရှမ်းနီဒေသခံ လုင်းစိုင်းခမ်းဆိုင်ကတော့ သူ့အမြင်ကို အခုလိုပြောပြပါတယ်။ “ ရာသီဥတုဖောက်ပြန်တာတွေက သစ်တောထိန်းသိမ်းမှုတွေကမရှိဘူးလေ။ ကျွန်းသစ်အပါအဝင် သစ်တောတွေကို လာခုတ်ယူသွားပြီးတော့ ပြန်ပြီးစိုက်ပေးရင်အကြောင်းမဟုတ်ဘူး။ အခုက ပြန်ပြီးလည်း မစိုက်ပေးကြဘူး။ ဒေသမှာ အနာဂတ်မျိုးဆက်သစ်တွေ အကြီးအကျယ် ဒုက္ခတွေကြုံကြအုံးမှာ။ ကျွန်းသစ်တွေ အပါအဝင် သစ်တောကို ခုတ်သွားပြီးရင်တော့ ပြန်ပြီးတော့ စိုက်ခဲ့ကြမှ။ ဥတုရာသီတောကိုမှီဆိုတာ အလကားပြောခဲ့တာမဟုတ်ဘူး ။ တောလည်းမရှိတော့ဘူးဆိုတော့ အပူဒဏ်တွေကို ကျွန်တော်တို့ မခံနိုင်တော့ဘူး။ ပြန်ပြီးစိုက်ပျိုးကြဖို့ သူတို့ဆီမှာ တာဝန်ရှိကြတယ်လေ။
ရှမ်းနီဒေသတွေက သစ်တွေကို အဓိက ဝယ်ယူတဲ့သူက တရုတ်နိုင်ငံသားတွေဖြစ်ပြီး သူတို့တွေက ကျွန်းသစ်အပါဝင် သစ်တောထွက်ပစ္စည်းမျိုးစုံကို ဝယ်ယူကြတာဖြစ်ပါတယ်။ သစ်တွေကို ရေလမ်းကနေတဆင့် ပြည်တွင်းမှာအသုံးပြုဖို့ နဲ့ နိုင်ငံခြားတင်ပို့ဖို့ အသုံးပြုကြတာဖြစ်ပြီး တရုတ်နိုင်ငံကိုတော့ စစ်ကိုင်း-ကချင် လမ်းပိုင်းကနေတဆင့် တင်ပို့ကြတာဖြစ်ပါတယ်။ သစ်တွေကို တရုတ်နိုင်ငံသားတွေက ပွဲစား၊ သစ်ခုတ်သမားတွေကို ကနဦးစေလွတ်ခဲ့ပြီး ဒေသအာဏာပိုင်တွေနဲ့ညှိနှိုင်းတာ၊ လမ်းကြောင်းတစ်လျှောက် မှာရှိတဲ့ အာဏာပိုင်နဲ့လက်နက်ကိုင်အသီးသီးကို ငွေကြေးတွေပေးပြီး သစ်ထုတ်ယူသွားကြတာဖြစ်ပါတယ်။ သစ်တွေကို ဆယ်စုနှစ်နှစ်ခုကျော်အတွင်း တရုတ်နိုင်ငံက အဝယ်လိုက်တာကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့တွေဖြစ်တဲ့ ခန္တီး၊ ကသာ ၊ မော်လိုက် ၊ ကလေး မြို့တွေဟာ သစ်တောပြုန်းတီးမှုအများဆုံးသော စာရင်းတွေထဲ ပါဝင်လာတာဖြစ်ပါတယ်။ ဒီဒေသတွေရဲ့ သစ်တောပြုန်းတီးမှုဟာ မူရင်းသစ်တော ဧက သောင်းနှင့်ချီရှိနေတာလည်းဖြစ်ပါတယ်။ သစ်ထုတ်လုပ်ရေးကို စနစ်တကျကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းမရှိတာကြောင့် ဂေဟစနစ်တွေလည်း ပျက်ယွင်းလာနေပါတယ်။ တစ်ဖက်စွန်းရောက်တဲ့ ရာသီဥတုကို ဒေသခံ တွေက ခံစားနေကြရတာဖြစ်ပါတယ်။
“ ရာသီဥတုတွေက မိုးလည်းရွာတယ်။ နေလည်းပူတယ်။ အနေထိုင်တွေကခက်ခဲတ ယ်။ ပူပြင်းတာတွေက ဒီနှစ်ကနည်းနည်းသက်သာတယ်။ မနှစ်ကပိုဆိုးတယ်။ ရာသီဥတုတွေက အရင်ကတော့ နေလို့ကောင်းခဲ့တယ်။ ဘာလို့လည်းဆိုတော့ ရာသီဥတုတွေက သစ်တောတွေရှိတော့နေလို့ကောင်းတာပါ့။ အခုတော့ ရွှေလုပ်ကြတော့ သစ်တောဝါးတွေမရှိတော့ဘူးဆိုတော့လည်း ရာသီဥတုက နေလို့မကောင်းတော့ဘူး” လို့ ဒေသခံရှမ်းနီအမျိုးသမီးတစ်ဦးကဆိုပါတယ်။
သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲအနေဖြင့် ရာသီဥတုတွေလည်းပြောင်းလဲလာခဲ့ပါတယ်။ နေ့စဉ်လူနေမှုဘဝတွေ အပေါ် ကျန်းမာရေးရှူထောင့်ကစလို့ လူမှုစီးပွားရေးလုပ်ငန်းတွေအထိ သက်ရောက်မှုတွေကြီးမားနေပါတယ်။သစ်တောကုန်လာတဲ့နောက်ပိုင်း ထိန်းသိမ်းရေးလုပ်ငန်းအတွက်လည်း စိန်ခေါ်မှုတွေဖြစ်လာပါတယ်။ သစ်တာပြုန်းတီးလာမှုကို အခုဒေသခံတွေအပြင် နောင်မျိုးဆက်တစ်ခုအနည်းဆုံးခံစားကြရမှာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သစ်တောထိန်းသိမ်းရေးတွေဟာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ်ရှိလာပါတယ်။ သို့ပေမယ့်လည်း သစ်တောထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေက အကန့်အသတ်နဲ့ ရှိနေတာဖြစ်ပါတယ်။ သစ်တောပြုန်းတီးလာမှုတွေကို ဒေသခံအားလုံးကလည်း တညီတညွှတ်တည်းလက်ခံထားကြပြီး ပြန်လည်ထိန်းသိမ်းရေးအတွက် နည်းလမ်းတွေကတော့ အစပျိုးလုပ်ဆောင်ကြရမှာသာဖြစ်ပါတယ်။ စစ်ကောင်စီကတော့ သစ်တောပြုန်းတီးမှုအနည်းငယ်သာရှိနေပြီး လာမယ့်နှစ်တွေအတွင်း မြန်မာမှာ သစ်တောဖုံးလွမ်းမှု ၅၀ ရာခိုင်နှုန်းအထိ တိုးလာအောင်လုပ်ဆောင်မယ်လို့ ပြီးခဲ့တဲ့ရက်မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲမှာ ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း ရှမ်းနီဒေသက သစ်တောပြုန်းတီး လာမှုကိုတော့ ရှမ်းနီဒေသခံတွေအသိဆုံးဖြစ်ပါတယ်။ လက်ရှိမှာ တော်လှန်ရေးနယ်မြေအသီးသီးကိုဖြတ်သန်းပြီး တရုတ်နိုင်ငံအတွင်းကို နေ့စဉ်နီးပါး သစ်ကားတွေဝင်နေတာလည်း ၃ နှစ်တာကြာမြင့်လာခဲ့ပြီလည်းဖြစ်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်မှ အရေးယူဆောင်ရွက်တာမရှိသေးကြောင်းသိရပါတယ်။ သစ်တောတွေကုန်ဆုံးလာပေမယ့် သစ်တောတွေ တစ်ဖန်ပြန်လည်ထူထောင်ရေးအတွက် စိတ်ဝင်စားကြတဲ့ လူငယ်များ၊ အသင်းအဖွဲ့များလည်း လက်ရှိကာလမှာ အလွန်နည်းပါးနေပြီလည်းဖြစ်ပါတယ်။ သို့ပေမယ့် ရှမ်းနီဒေသခံ တိုင်းရင်းသားတွေကတော့ သစ်တောတွေပြန်လည်ထူထောင်ပေးရေး၊ သစ်ပင်ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းမှုဇွဲနပဲကတော့ မကုန်မခန်းဆက်ရှိနေဆဲလည်းဖြစ်ပါတယ်။
စိုင်းကွမ်း ရေးသားသည်။