ဟိုပင်နှင့်နမ္မားမြို့တို့မှာ စစ်ကြောင်းထိုးတာ နှစ်ပတ်နီးပါးရှိလာပြီး  ဒေသခံတချို့တိမ်းရှောင်မှုရှိနေ 

ဒီဇင်ဘာ ၁၆ ၊ ဟိုပင်

ကချင်ပြည်နယ်၊ဟိုပင်မြို့နဲ့ နမ္မားမြို့က နန့်ရင်းချောင်းအရှေ့ဘက်ရှိ ကျေးရွာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မှု ၁၀ ရက်ကျော်အထိရှိလာနေပြီး တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်မှုတွေရှိနေ ကြောင်း  နေထိုင်သူများထံမှ သိရပါတယ်။

စစ်ကြောင်းထိုးတဲ့အခါကြတော့ မသင်္ကာတဲ့နေရာတွေ လိုက်ပစ်တာတွေတော့ရှိတယ်၊ ကြီးကြီးမားမားကြီး မဟုတ်ဘူး၊ နမ္မား၊ နမ့်စော်လော်တို့၊ တောင်အင်း ၊ လက်ပံတန်းဘက်ကနေ တချို့လည်း နည်းနည်းခက်ကြောက်ကြောက်နဲ့ ရွှေ့ကြတာတွေရှိတယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ နမ္မားဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက ဟိုပင်မြို့အဝင် တိုးဂိတ်အနီးမှာ ကင်းလှည့်လာတဲ့ စစ်တပ်စစ်ကြောင်း ကို KIA+PDF ဘက်က စတင်ပစ်ခတ်မှုဖြစ်ရာကနေ  နှစ်ဖက်စစ်ရေးတင်းမာလာပြီး ဒီဇင်ဘာ ၉ ရက်နေ့ မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

လက်ရှိမှာ နမ့်စော်လော် ၊ တောင်အင်း ၊ကွင်းကြီး ၊ နန့်ရင်း စတဲ့ကျေးရွာတွေက ဒေသခံတချို့က နမ္မား၊ ဟိုပင်နဲ့မိုးညှင်းမြို့ပေါ်တွေကို တိမ်းရှောင်ကြတာလည်းဖြစ်ပါတယ်။ 

နိုဝင်ဘာလ ၁၉ ရက်နေ့ အစောပိုင်းမှာ နမ္မားမြို့ ရဲစခန်းကိုလည်း  KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကြောင်းဝင်ရောက်မှုတွေရှိလာတာလည်းဖြစ်ပါတယ်။ 

ဟိုပင်မြို့အရှေ့ဘက်ရှိ  နန့်ရင်းကျေးရွာက ဒေသခံတွေကတော့ ပြီးခဲ့တဲ့လကတည်းက တိမ်းရှောင် နေကြတာဖြစ်ပြီး ကောက်ရိတ်သိမ်းသူများနဲ့ အိမ်စောင့်အဖြစ်ကျန်ရစ်ခဲ့သူများသာ ရှိနေကြကြောင်း သိရပါတယ်။

မိုးညှင်းမြို့နယ်ဟာ ရွေးကောက်ပွဲ ပထမပိုင်းကျင်းပမယ့်ထဲ ပါဝင်တဲ့မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိစစ်ရေးတင်းမာနေတဲ့ ကျေးရွာအုပ်စုတွေဖြစ်တဲ့  နန့်ရင်း၊ လက်ပံတန်း ၊ တောင်အင်း တွေမှာ ပြုလုပ်ကျင်းပသွားမှာမဟုတ်ကြောင်း ရွေးကောက်ပွဲကော်မှရှင်က ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *