
ဇွန် ၁၃ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဘိုကုန်းကျေးရွာအုပ်စု နန်းစက်ကျေးရွာမှာ ရက်ပေါင်း ၂၀ အတွင်း ငှက်ဖျားကူးစက်သူ တစ်ရာနီးပါးအထိရှိလာနေတယ်လို့ စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားတစ် ဦးက ရှမ်းနီအသံကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကနေ ဇွန်လ ၁၀ ရက်နေ့အထိ စာရင်းတွေအရ နန်းစက်ကျေးရွာမှာ ငှက်ဖျားကူးစက်သူ ၉၉ ဦးအထိရှိတာဖြစ်ပါတယ်။
ငှက်ဖျားကူးစက်ခံရသူတွေအထဲမှာ ဗိုင်းပက် (PV) ငှက်ဖျားအမျိုးစား (၉၈)ဦးတွေ့ရှိရပြီး၊ ဖယ်ဆီပါရမ်ငှက်ဖျားအမျိုးစား (၁)ဦး ဖြစ်တယ်လို့ဆိုပါတယ်။
“လောလောဆယ် ဆေးဝါးက လုံလောက်မှုမရှိဘူး။ ငှက်ဖျားစစ်ဆေးကိရိယာတွေ မလုံလောက်ဘူး။ ရက်(၂၀)ကျော်ပဲရှိသေးတယ် ငှက်ဖျားကူးစက်သူ ၁၀၀ နီးနီးရှိနေပြီ။” လို့ ဒေသခံကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
အဆိုပါငှက်ဖျားကူးစက်ခံရသူ (၁၀၀)နီးပါးဦးရေအထဲမှာ အသက်ရွယ်ကြီးရင့်သူတွေပါဝင်သလို အခြေခံပညာကျောင်းသားကျောင်းသူအရွယ်တွေလည်း အများအပြားပါဝင်ပြီး (၂)နှစ်အရွယ် ကလေးငယ်တစ်ဦးပါ ပါဝင်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘိုကုန်းအုပ်စုအတွင်းက တုံပေကျေးရွာမှာလည်း မေလ(၁၆)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့ထိ ငှက်ဖျားကူးစက်ခံရသူ ၆၆ ဦးရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
မိုးဦးကာလ ဟုမ္မလင်းမြိုန့ယ်တွင်းမှာ ငှက်ဖျားကူးစက်သူ ထောင်နှင့်ချီရှိနိုင်ပြီး ချင်းတွင်းရိုးနှင့် ဥရုချောင်းရိုးဒေသတွေမှာ ပိုမိုအဖြစ်များကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဟုမ္မလင်းမြို့နယ်နဲ့ ကပ်လျက်ရှိနေတဲ့ ဗန်းမောက်မြို့နယ်အတွင်းမှာလည်း လက်ရှိမှာ ငှက်ဖျားဖြစ်ပွားမှုများနေပြီး ဆေးဝါးပြတ်လပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေသိရပါတယ်။
ငှက်ဖျားရောဂါဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ်အတွင်းတွေမှာ ဟုမ္မလင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာအရသိရပြီး မနှစ်ကစလို့ ပြန်လည်ဖြစ်ပွားလာနေတယ်လို့ လည်း ဒေသခံတွေဆီကနေ သိရပါတယ်။