

ဇူလိုင် ၁၈ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းက NUG ထိန်းချုပ်စိုးမိုးထားတဲ့နယ်မြေမှာ စီးပွားရေးလုပ်ငန်းတွေအပါအဝင် ရွှေမျှောတူးဖော်မှုတွေအတွက် အခွန်ကောက်ခံမှုနှုန်းထားတွေဟာ ပြီးခဲ့တဲ့ဇွန်လကစလို့ စျေးမြှင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
အခုလို အခွန်ကောက်ခံမှုန်နှုန်းထားတွေဟာ မြှင့်တက်လာတာကြောင့် လုပ်ငန်းရှင်တွေနဲ့ဒေသခံတွေက အခက်အခဲဖြစ်ကြတယ်လို့ပြောပါတယ်။
“ တကယ်ခက်ခဲနေလို့ပါ။ ဒီဇယ်စျေးက တစ်ပေပါ သိန်းနှစ်ဆယ်ပေါက်တယ်ဒီမှာ၊ ဒါတောင်ပစ္စည်းဖိုးတွေမပါသေးဘူး။ ရွှေလည်းမရကြပါဘူးရွှေကလည်း ရှားနေပါပြီ။ ဒါတောင်သူတို့က အခွန်တွေမလျှော့တဲ့အပြင် ထပ်တိုးကောက်နေတယ်”လို့ NUG ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
NUG က ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေး နဲ့ မြေမှန်တွေမှာ အနိမ့်ဆုံး လစဉ်ကြေး ၂ လက်မပိုက်အထွက် စက်နဲ့ တူးဖော်မယ်ဆိုရင် တစ်လကျပ်နှစ်သိန်းပေးဆောင်ရမှာဖြစ်ပြီး အမြင့်ဆုံး တစ်လ ၁၂ သိန်းအထိ ပေးဆောင်ရမှာလို့ NUG ရဲ့ ဟုမ္မလင်းမြို့ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
ဒါ့အပြင် နှစ်စဉ်ကြေး ဒါမှမဟုတ် တစ်ရာသီစာအတွက် လုပ်ကွက်ငှားရမ်းခအနေနဲ့ နှစ်လက်မ ပိုက်ထွက် စက်နဲ့တူးဖော်မယ်ဆိုရင် ကျပ်သိန်း ၁၂ သိန်း ၊၁၂ လက်မ ပိုက်ထွက် စက်နဲ့ တူးဖော်မယ်ဆိုရင် ၃၂ သိန်းကျပ် ပေးဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ရွှေတူးဖော်မှုတွေအတွက် အခွန်ပေးဆောင်ရမယ့်စာရင်းထဲမှာ အသေးစားနဲ့ လက်လုပ်လက်စားတွေ အားလုံးအကျုံးဝင်တယ်လို့ NUG က ဆိုထားပါတယ်။
လုပ်ငန်းတွေအတွက် သတ်မှတ်ထားတဲ့ အခွန်တွေကို တစ်လရဲ့ ၁၅ ရက်အတွင်းပေးသွင်းရမှာဖြစ်ပြီး ရက်ကျော်လွန်မယ်ဆိုရင် ရက်လွန်ကြေး ကျပ်ငါးသောင်းထပ်မံကောက်ခံမယ်လို့သိရပါတယ်။
NUG စိုးမိုးနယ်မြေအတွင်းမှာ ရွှေမျှောတူးဖော်မှုတွေတင်မကဘဲ စက်သုံးဆီကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းအမျိုးမျိုးတွေကိုလည်း နှုန်းထားအလိုက် ပေးဆောင်ရမယ့်အခွန်တွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း နမ့်နမ်းကျေးရွာကစလို့ ပင်ခုတ်ကျေးရွာအနီး နဲ့ ရွှေပြည်အေးမြို့တွေကို ၂၀၂၃ ၊ ၂၀၂၄ ခုနှစ်အတွင်းမှစ၍ ယခုလတွေအထိ NUG က ထိန်းချုပ်စိုးမိုးထားပါတယ်။