ဟုမ္မလင်းမြို့နယ်မှာ ရာသီပေါ် ပုရစ်တွေ စျေးနှုန်းအဆမတန်ကျဆင်း ၊ ဖမ်းသူတွေအတွက် တွက်ခြေမကိုက်တော့ဟုဆို 

မေ ၂၈ ၊ ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ်မှာ မိုးဦးရာသီမှာထွက်တဲ့ ပုရစ် စျေးနှုန်းတွေဟာ တစ်ပြည်တစ်ထောင်ကျပ်အထိ စျေးနှုန်း ကျဆင်းလာခဲ့ပြီး ဖမ်းတဲ့ တောင်သူတွေအတွက်လည်း အဆင်မပြေမှုတွေရှိလာတယ်လို့ သိရှိရပါတယ်။ 

ဟုမ္မလင်းမြို့စျေးမှာ တစ်ပြည်တစ်ထောင်ကျပ် သာရှိပြီး နမ့်တောစျေးမှာတော့ တစ်ပြည် ငါးထောင်ကျပ် ရှိတယ်လို့ဆိုပါတယ်။ 

ဒီနှစ်က အစစအရာရာ ဈေးကြီးတယ်။ ဒီမှာက မီးစက်နဲ့မောင်းရတာပေါ့ တစ်ညကို ဒီဇယ် ၃ ဂါလံလောက်ကုန်တယ်။ မီးသီးကလည်းတစ်လုံးနဲမရဘူးလေ။ မီးသီးက နှစ်လုံး မီးသီးတစ်လုံးကို ရှစ်သောင်းကျော်တယ်။ ပလပ်စတစ် မိုးကာ(အကြည်) ကတစ်ပေကို သုံးထောင်ပေးရတာ ၁၅ ပေအကျယ် နှစ်ချပ်ဝယ်ရတာ။ ပုရစ်ဖန်းဖို့ အခုဆို ၂၀၀၀၀၀- ၃၀၀၀၀၀ လောက်ကုန်ကျတယ်” လို့ ဖမ်းတဲ့ တောင်သူတစ်ဦးကပြောပါတယ်။ 

ယခင်နှစ်တွေက မြို့ပြကြီးတွေကို  တင်ပို့ရောင်းချရတဲ့အတွက်ကြောင့် တစ်ပြည်ကို ကျပ်တစ်သောင်းဝန်းကျင်အထိရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

အခုနှစ်မှာတော့  လမ်းပိုင်းဆက်သွယ်ရေးတွေအားလုံး ဖြတ်တောက်ခံထားရပြီး လေကြောင်းလိုင်းတစ်ခုတည်းသာ အသုံးပြုနေရခြင်းတွေကြောင့် မြို့ပြတွေဆီကို  မတင်ပို့နိုင်တဲ့အခြေအနေတွေလို့ ဆိုကြပါတယ်။ 

တင်ပို့ရောင်းချနိုင်ခြင်းမရှိတော့တဲ့ အခြေအနေတွေကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းက   ရွှေမှော်တွေ ရှိတဲ့ နောင်ပိုအောင်၊ နမ့်တော နဲ့ တခြားသော ရွှေမှော်တွေမှာသာ စျေးနှုန်းချပြီး ရောင်းချနေရတယ်လို့ တွက်ခြေမကိုက်တော့ဘူးလို့ တောင်သူတွေက ပြောပါတယ်။ 

ပုရစ်တွေဟာ ဟုမ္မလင်းမြို့နယ်မှာ မိုးဦးကျကာလနဲ့ မိုးကုန်ကာလမှ အဓိကဖမ်းယူ ရောင်းချတာဖြစ်ပြီး ရာသီပေါ် စီးပွားရေးတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *