

ဇွန် ၁၃ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်လာနေပြီး စျေးနှုန်းတွေလည်းအဆမတန်မြင့်တက်လာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ရွှေမျှောတူးဖော်တဲ့ ရွှေမှော်တွေမှာ စက်သုံးဆီရှားပါးမှုတွေဖြစ်ပေါ်ကာ ဝယ်ယူရတာလည်းအခက်အခဲတွေဖြစ်တယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။
“ ဆီရဖို့ဘယ်လွယ်မလဲ ဆီကားတွေကမဝင်ဘူးလေ။ အခုဆီသွားသယ်ခဲ့တာ ကိုယ့်ဆီကမဟုတ်ဘူး။ သူများ(PDF) တွေ သိမ်းထားတဲ့ဆီတွေ သွားယူခဲ့ရတာ။ ဆီမရှိတော့ ရတဲ့နေရာသွားယူရတာပါအေး” လို့ ဆီကုန်သည်တစ်ဦးကပြောပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ အသုံးပြုဖို့ စက်သုံးဆီတွေဟာ ပုံမှန်လမ်းကြောင်းဖြစ်တဲ့ ဗန်းမောက်မြို့နယ်နဲ့ နတ်နန်း-ဖောင်းပြင်လမ်း ကဝင်လာတာလဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ မေလမှာ မိုးရွာသွန်းမှုကြောင့် နမ်နန်း-ဖောင်းပြင်လမ်းဟာ ပျက်ဆီးသွားတာကြောင့် ဆီကားတွေမဝင်နိုင်တော့တာလို့ဆိုပါတယ်။
“ ဆီဈေးကတော့တက်မှာပဲ အဆင်းမရှိဘူး။ နတ်နန်းလမ်းကလဲလာလို့မရတော့ဘူး။ဗန်းမောက်ဘက်ကလည်းမဝင်ဘူးလေ အခုကဆီဈေးတာရှိတာ ဆီကမရှိဘူး။ ဒီဇယ်တစ်ပေပါရဖို့မလွယ်ဘူး။အခုဝယ်ထားတာကုန်ရင် ဆီလည်းမရှိဘူးဆိုရင် အလုပ်ကနားလိုက်ရုံပါ့” လို့လုပ်ငန်းပိုင်ရှင်တစ်ဦးကအခုလိုပြောပါတယ်။
ဥရုချောင်းဝန်းကျင်က ရွှေမျှောတချို့ လည်း ဒီရှားပါးမှုနဲ့ စျေးနှုန်းမြင့်တက်မှုတွေကြောင့် လုပ်ငန်းရပ်နားဖို့အတွက် ပြင်ဆင်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်တွင် စက်သုံးဆီတစ်ပေပါ ကျပ် ၂၆ သိန်းမှ ၂၈ သိန်းအထိဈေးတွေမြင့်တက်နေသလို စက်သုံးဆီအသစ်ဝင်ရောက်တာမရှိသေးဘူးလို့သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းဒေသမှာ စက်သုံးဆီတွေကို စစ်ကောင်စီက ခွဲတမ်းပိတ်ပင်တာ ၊ သယ်ယူတဲ့လမ်းပိုင်းတွေမှာ NUG အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခွန်ကောက်ခံတဲ့ ဂိတ်တွေများပြားတာတွေကြောင့် စျေးနှုန်းတွေက ၂၀၂၃ ခုနှစ်ကစလို့ အဆမတန်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။