
ဇွန် ၁၈ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာအတွင်းမှာ ကားတစ်စီးဟာ ဆိုင်ကယ်မောင်းနင်နေသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကို တိုက်ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ဇွန်လ ၁၇ ရက်နေ့ ည၇ ခွဲအချိန်မှာ ချစ်သားလေးလက်ဖက်ရည်ဆိုင်ရှေ့မှာ ဆိုင်ကယ်မောင်းနင်နေသူကို အရှိန်နဲ့လာတဲ့ ဖိုးဝီးလ်ကားတစ်စီးကဝင်တိုက်ခဲ့ပြီး ကားသမားကထွက်ပြေးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးပြောပါတယ်။
“ လက်ဖက်ရည်ဆိုင်မှာထိုင်နေတာ ၊ ဆိုင်ကယ်ကို အနောက်ကနေ ကားကဝင်ဆိုက်လောက်တာ ဆိုင်ကယ်က ပေ ၃၀၀ လောက်ရှေ့ကိုပါသွားတာ ။ ဆိုင်ကယ်သမားကိုတော့ ဆေးရုံပို့လိုက်တာ။ တိုက်တဲ့သူကိုလည်း SNA က စုံစမ်းနေတယ်”လို့ မျက်မြင်ဒေသခံတစ်ဦးကပြောပါတယ်။
နမ့်တောကျေးရွာအပါအဝင် အနီးနားကကျေးရွာတွေမှာ ယာဉ်တိုက်မှုတွေဟာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယာဉ်တိုက်မှုတွေမှာလည်း ပြင်းထန်ဒဏ်ရာရသူတွေ အများဆုံးဖြစ်ခဲ့တယ်လို့သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက လမ်းပိုင်းတွေဟာလည်း ကိုယ်ထူကိုယ်စနစ်နဲ့ ဖောက်လုပ်ထားကြတာအများဆုံးဖြစ်တာကြောင့် လမ်းပိုင်းကြံ့ခိုင်မှုအားနည်းချက်တွေနဲ့ ယာဉ်မောင်းသူတွေရဲ့ အရှိန်ပြင်းပြင်းမောင်းနင်မှုတွေကြောင့် ထိခိုက်မှုတွေဟာ မလွှဲမသွေဖြစ်ပွားတာလို့သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ ယာဉ်တိုက်မှုတွေဟာ မကြာခဏဖြစ်နေပြီး ဒေသအာဏာပိုင်တွေကိုယ်တိုင်လည်း ဦးစီးပြီး စည်းကမ်းထိန်းသိမ်းပေးဖို့လိုအပ်နေတယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။