
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးထိန်းသိမ်းခံ
ရတဲ့ အရာရှိ ၁၃ဦးထွက်ပြေး
အောက်တိုဘာ ၂၇ ၊ အင်းတော်
အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်တပ်အရာရှိတွေအပါအဝင် ၁၃ ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်အတွင်းမှာ အချုပ်ထောင်ဖောက်ပြီးလွတ်မြောက်သွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
“ မြို့နယ်ရဲမှူးလည်းပါတယ်။ အင်းတော်က ထွက်ပေါက်ဝင်ပေါက်တွေအကုန်လွယ်တယ်လေ။ ကူညီပေးတဲ့သူတွေလည်းပါရင်ပါမှာပါ။ ထောင်ထဲကလူကတော့ ဖောက်ဖို့အခွင့်အလမ်းနည်းတယ်”လို့ အင်းတော်ဒေသခံတစ်ဦးက ပြောပြပါတယ်။
လွတ်မြောက်သွားသူတွေထဲမှာ ရဲမှူး မောင်မောင်လှတင့် ၊ မြို့နယ်မှူး အောင်မြင့်နိုင် နဲ့ စစ်တပ်က အရာရှိတွေဖြစ်တဲ့ တပ်ရင်းမှူး မြင့်သူ၊ G2 မင့်မောင်မောင်စိုး ၊ G2 အောင်ဖြိုးထွန်း ၊ G3 ကျော်စိုးဦး တို့အပါအဝင် တပ်စုမှူးတွေနဲ့ တပ််ခွဲမှူး၊ ဆေးမှူး တို့ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။
အင်းတော်သတင်းတွေကိုထုတ်ပြန်နေတဲ့ Indaw Revolution IR ရဲ့ဖော်ပြမှုအရ ထွက်ပြေးသူတွေထဲမှာ အရာရှိတွေပါဝင်ပြီး အစောင့်ရဲဘော် PDF သုံးဦးကိုလည်း ကြိုးချည်ထားခဲ့သလို ထွက်ပြေးစဉ် သေနတ် ၃ လက်လည်း ယူဆောင်သွားတယ်လို့ ဆိုထားပါတယ်။
အင်းတော် ပကဖ ဘက်ကတော့ အခုလို ထွက်ပြေးလွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
အင်းတော်မြို့ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ မြို့ကို NUG နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့များကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အဆင့် အောင်သက်ဦး အပါအဝင် စစ်အုပ်စု အဖွဲ့ဝင် ၁၇၀ ကျော် ဖမ်းဆီးမိခဲ့တာလည်းဖြစ်ပါတယ်။
အင်းတော်မြို့သိမ်းပြီးနောက်လက််ရှိအချိန်ထိ မြို့ရဲ့ သုံးပုံတစ်ပုံသာ ဝင်ရောက်နေထိုင်နေခြင်းဖြစ်ပြီး မြို့အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
