
စက်တင်ဘာ ၁၅ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်ချင်းဆက် လမ်းပိုင်းတွေကို အင်းတော်မြို့နယ် ပကဖ က ကန့်သတ်ပိတ်ပင်လိုက်ကြောင်း ကြေညာလာပါတယ်။
ဒီနေ့စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး အင်းတော်-ဗန်းမောက် ကိုဆက်ထားတဲ့ ဗျူဟာလမ်း အပါအဝင် လမ်းပိုင်းအားလုံးကို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ပိတ်ပင်လိုက်တဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြောခြင်းမရှိပါဘူး။
ဒေသခံတွေရဲ့ ပြောဆိုမှုအရ စစ်ရေးအခြေအနေတွေကြောင့် ဗန်းမောက်-အင်းတော်လမ်းပိုင်းကို ပကဖ တွေက ပိတ်ပင်တာလို့ပြောဆိုကြပါတယ်။
သို့ပေမယ့် အင်းတော်မြို့နယ်ကို NUG က ထိန်းချုပ်စိုးမိုးထားဆဲအခြေအနေဖြစ်ပြီး အင်းတော်မြို့နယ်ဧရိယာအတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပါဘူး။
ဒါ့အပြင် အင်းတော်-ဗန်းမောက် လမ်းပိုင်းအားလုံးနီးပါးကိုလည်း NUG ရဲ့ ပကဖ တွေက ထိန်းချုပ်စိုးမိုးထားတာပဲဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း ဗန်းမောက်မြို့အနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ KIA+PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
အင်းတော်မြို့နယ်ဟာ NUG က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီကလည်း ရွေးကောက်ပွဲကျင်းပမှာမဟုတ်ကြောင်း မနေ့က ကြေညာထားပါတယ်။