


ဇူလိုင် ၁၇ ၊ နောင်ချို
တအာင်း(ပလောင်)လွတ်မြောက်ရေးတပ် TNLA နဲ့ PDF ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကိုစစ်ကောင်စီက ၁၁ လကြာ မြေပြင်စစ်ကြောင်းတွေရော ဝေဟင် စစ်ဆင်ရေးတွေပါ ပြုလုပ်ပြီး နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့ကညမှာ စစ်ကောင်စီမှ ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့မှာ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီ အလုံးစုံထိန်းချုပ်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ TNLA+PDF ပူးပေါင်းတပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအနေနဲ့ နောင်ချိုမြို့ကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ မြို့ကိုပြန်လည်သိမ်း ပိုက်ရေး စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေး ၁၁ လအတွင်းမှာ တိုက်ပွဲကြီး အကြိမ် ၂၀ ကျော်၊ ထိတွေ့တိုက်ပွဲ အကြိမ်ရေပေါင်း ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ကြတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက နောင်ချိုမြို့ကိုပြန်လည်ရရှိပြီးတဲ့နောက် မိုင်းရှင်းလင်းရေးလုပ်ငန်း တွေကို ဦးစားပေးလုပ် ဆောင်သွားမှာဖြစ်ပြီး အရပ်သားတွေနေရပ်ပြန်လာရေး မကြာခင်ဖိတ်ခေါ်သွားဖို့ရှိနေတယ်လို့ ဆိုထားပါတယ်။
TNLA ကလည်း မနေ့ကဘဲ နောင်ချိုမြို့က အုပ်ချုပ်ရေးယန္တရားတွေကို ရွှေ့ပြောင်းထားပြီဖြစ်တဲ့အကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်ထဲမှာ နောင်ချိုမြို့ကို လက်လွှတ်လိုက်ရကြောင်း အတိအလင်းပြောဆိုထားခြင်းမရှိသေးပေမယ့် မြို့ပေါ်ရှိ အုပ်ချုပ်ရေးယန္တရားတွေ ရွှေ့ပြောင်းထားရကြောင်းသာထုတ်ပြန်ထားပါတယ်။
နောင်ချိုဒေသမှာ TNLA နဲ့ စစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ နှစ်လအတွင်း တိုက်ပွဲဖြစ်ပွားမှု (၃၁၉)ကြိမ်အထိရှိခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၁၀၆)ကြိမ်၊ ဒရုန်းဖြင့်တိုက်ခိုက်မှု (၁၆၂)ကြိမ် ၊လက်နက်ကြီးဖြင့်ပစ်ခတ်မှု (၄၆၉၂)ကြိမ် နှင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှု (၁၈၆) ကြိမ်တို့ကိုပြုလုပ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် TNLA သိမ်းပိုက်ထားတဲ့ တခြားမြို့နယ်က ဒေသခံတွေကလည်း တိုက်ပွဲတွေပြင်းထန်လာမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
