
ဇွန် ၂၅ ၊ နေပြည်တော်
၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးဖိုရမ်ကို ဒီနေ့ ဇွန်လ (၂၅) ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်တွင် စတင်ဖွင့်လှစ်ကျင်းပနေပြီး နိုင်ငံတကာက ပညာရှင်တွေလည်း ပါဝင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
“ ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံဟာ နိုင်ငံတကာပညာရှင်ကြီးများ၊သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များကိုယ်တိုင် ပါဝင်သက်ရောက်ဆွေးနွေးကြမယ့်ပွဲဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေမှာ ထူးခြားတဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်ပြောကြားလိုပါတယ်”လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းမှာပြောပါတယ်။
ငြိမ်းချမ်းရေးဖိုရမ်ကနေ မြန်မာနိုင်ငံအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာ သုံးသပ်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပြီးတော့ ရလဒ်တွေကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထောက်အကူဖြစ်စေနိုင်မယ်လို့ ယုံကြည်ကြောင်း သူက ဆက်ပြောပါတယ်။
ဒီငြိမ်းချမ်းရေးဖိုရမ်အဖွင့်မိန့်ခွန်းထဲမှာ စစ်ကောင်စီက ငြိမ်းချမ်းရေးထက် လာမယ့် နှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲကို အဓိက ဦးစားပေးပြောဆိုခဲ့ပြီး ရွေးကောက်ပွဲကျင်းပမည့်အခြေအနေအကြောင်း ပြောဆိုခဲ့တာကိုတွေ့ရတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဖိုရမ်မှာ တရုတ်၊ အိန္ဒိယ နိုင်ငံတို့အပါအဝင် နိုင်ငံ (၆ )နိုင်ငံက Think Thank ပညာရှင်တွေနဲ့ ပြည်တွင်းက ပညာရှင်တွေလည်း ပါဝင်ပြီး အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။
ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဖိုရမ် မနက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့အထူးကိုယ်စားလှယ် တိန့်ရှင်ကျွင်းလည်း ပါဝင်ခဲ့သလို ယူအေအီးသံအမတ်လည်း တက်ရောက်တာကိုတွေ့ရပါတယ်။
လက်ရှိကျင်းပနေတဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ၊ NCA လက်မှတ်ရေးထိုးပြီးနောက် ပေါ်ပေါက်လာတဲ့ ကော်မတီများ ၊ မှတ်ပုံတင်ပြန်တင်ထားတဲ့ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်တက်ရောက်နေတယ်လို့ စုံစမ်းသိရပါတယ်။
ငြိမ်းချမ်းရေးဖိုရမ်မကျင်းပမှီ ပြီးခဲ့တဲ့ မတ်လက အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ( NSPNC) ရဲ့ Peace Talk 2025 ခုနှစ်ကို ဦးစွာကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကဏ္ဍတွေကို အဖွဲ့နှစ်ဖွဲ့ခွဲ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ငြိမ်းချမ်းရေးဖိုရမ်နဲ့ ပတ်သက်ပြီး အတိုက်အခံအင်အားစုတွေဘက်ကတော့ တုန့်ပြန်ထားခြင်းမရှိသေးပါဘူး။