
ဒီဇင်ဘာ ၁၈ ၊ ရန်ကုန်
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်တာအတွင်းမှာ ဘိန်းဖြူ(၉ .၄ )တန်ကျော်အပါအဝင် ငွေကျပ်(၅)ထောင်ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဘိန်းဖြူအပြင် ဘိန်း (၇)တန်ကျော် ၊ ဆေးခြောက် (၄)တန်ကျော်၊ အိုက်စ် (၁၀၇)တန်ကျော်၊ ကက်တမင်း(၂၂)တန်ကျော်၊ စိတ်ကြွဆေးပြားက အပြားရေသန်း(၁)ထောင်ကျော်နဲ့ လူငယ်များအကြား သုံးစွဲမှုများပြားတဲ့ Happy waterကို ကီလို(၈၀၀)ကျော်အထိနဲ့ အခြားမူးယစ်ဆေးများစွာ ထိန်းသိမ်းနိုင်ခဲ့တာပါ။
မူးယစ်ဆေးတွေကို သယ်ဆောင်သူနဲ့ရောင်းဝယ်ဖောက်ကားသူပေါင်း အယောက်(၄)သောင်းကျော်ကိုဖမ်းဆီးထားသလို မူးယစ်ဆေးအမှုပေါင်း (၃)သောင်းကျော်ကိုလည်း အရေးယူခဲ့တယ်လို့သိရပါတယ်။
ဒီစာရင်းတွေက ၂၀၂၁ ခုနှစ်ကနေ ယခုနှစ် ပြီးခဲ့တဲ့နိုဝင်ဘာလအထိသာ ဖြစ်ပါတယ်။
ယခုလ ဒီဇင်ဘာလမှာ စစ်ကိုင်းတိုင်းအတွင်း ငွေကျပ် ၁၅ ဘီလီယံ ကျော် တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ငါးသန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
တစ်နေရာတည်းမှာ ဘိန်းဖြူ ၅၇ ကီလိုကျော်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ငါးသန်းကျော် တို့ကို တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
မူးယစ်ဆေးတွေကို ကျပ်ငွေဘီလီယံချီ အများဆုံးဖမ်းဆီးရမိတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းလည်းပါဝင်ပြီး ရှမ်းပြည်နယ်၊ရန်ကုန်၊မန္တလေး၊ဧရာဝတီ၊မွန်၊ပဲခူးနဲ့ တနင်္သာရီတို့ပါဝင်ကြောင်း သိရပါတယ်။
မူးယစ်ဆေးဝါးတွေကို ပြည်တွင်းမှာ အများဆုံးဖမ်းဆီးရမိပေမယ့် နိုင်ငံတကာသို့ တင်ပို့ဖို့ရည်ရွယ်ထားကြတာဖြစ်ပြီး မလေးရှား ၊ ထိုင်း နဲ့ မြန်မာ ရေပိုင်နက်အတွင်းမှာ ငါးဖမ်းသင်္ဘောကြီးတွေနဲ့ သယ်ဆောင်ရောင်းဝယ်မှုအထိရှိလာတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အဆင့် ၁ နေရာမှာရပ်တည်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ဘိန်းထုတ်လုပ်မှု တန်ချိန် တစ်ထောင်အထက်မှာရှိနေတယ်လို့ ဒီဇင်ဘာလအစောပိုင်းမှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က အစီရင်ခံစာတစ်စောင်ထုတ်ပြန်ထားပါတယ်။
မြန်မာ့ဘိန်း စီးပွားရေးရဲ့ စုစုပေါင်း တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကနေ ၂.၄ ဘီလီယံ ကြား ရှိနိုင်တယ်လို့ UNODC က ခန့်မှန်းထားပါတယ်။
