နမ့်ဖောင်းစင် (သို့) ရှမ်းနီရှေးဟောင်းမြို့တော်

ဟေမာန်ဆောင်းဦးသစ်စတုန်း အချိန်တုန်းက ရှမ်းနီတိုင်းရင်းသားတို့ရရဲ့ဌာနေ အင်းတော်ကြီးကို ရောက်ဖြစ်ခဲ့ပါတယ်။ အင်းတော်ကြီးကန်ဟာ မြန်မာနိုင်ငံသာမက ကမ္ဘာကအသိအမှတ်ပြုထားတဲ့ ကန် တစ်ခုလည်းဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၃၁၆.၆၇  စတုရန်းမိုင်ကျယ်ဝန်းလျက်ရှိပါတယ်။ ဆောင်းရံနံ့တို့သင်းပျံ့လာပြီဆိုလျှင် အင်းတော်ကြီးကန်ရေပြင်ထက်မှာ မြူနှင်းလွှာတွေလည်း ရှုပ်ပြေးလျက်ရှိနေတယ်။၊ နံနက် (၁၀) နာရီကျော်အချိန်ထိ နှင်းမကွဲနိုင်သေးပါဘူး။ ပိတ်လှောင်နေတဲ့နှင်းထုကို နေမင်းက ခွင်းနိုင်အားမရှိသေးပေ။ ပွင့်လင်းရာသီချိန်လည်းဖြစ်လာတာကြောင့် ခရီးသွားတွေကလည်း အင်းတော်ကြီးကန်ကို ကားကြီးကားငယ်အသွယ်သွယ်နဲ့ လာရောက်လည်ပတ်ကြပါတယ်။ ကြည်လင်ပြီး သန့်ရှင်းတဲ့ကန်ရေပြင်များ ပိုင်ဆိုင်ထားပါတယ်။ အင်းတော်ကြီးကန်ဟာ သဘာဝကပေးတဲ့ အလှတရား များနှင့် ပြည့်နက်နေတဲ့အပြင် လှပတဲ့သမိုင်းကြောင်းရာတွေလည်းရှိခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ 

အင်းတော်ကြီးကန်ရဲ့ သမိုင်းဒဏ္ဍာရီများအရ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်နှင့်ချီရှိနေပါပြီ။ သမိုင်းများအရ ယခုအင်းတော်ကြီးကန်မဖြစ်မှီအချိန်က ကျယ်ပြန့်တဲ့ စည်ခမ်းမြို့တော်ကြီးဖြစ်ခဲ့ပါတယ်။စည်ခမ်းမြို့တော်ကြီးမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးသွားသောကြောင့် အင်းတော်ကြီးဖြစ်ပေါ်လာ ခဲ့ပါတယ်။အဲဒီအချိန်မှာ မုဆိုးမတစ်ယောက်ရှိခဲ့ပါတယ်။ နောင်လုံစည်ခမ်းမြို့တော်ကြီး ရေအကြီးအကျယ် လွှမ်းမိုးမယ့် အကြောင်းကို သုံးကြိမ်တိုင်အိပ်မက်မက်ခဲ့ပါတယ်။ စိုးရိမ်စရာကောင်းတဲ့ အကြောင်းအရာတွေကို စည်ခမ်းမြို့တော်က လူတွေကိုပြောပြပေမယ့်ဘယ်သူမှ အရေးမစိုက်ခဲ့ကြပါဘူး။ သူမကလည်း အရေးမစိုက်မှုများတွေကြောင့် သူမိသားစုနဲ့အတူ သူမပိုင်ဆိုင်တဲ့ ကျွဲကိုဆွဲပြီး ဘေး လွှတ်ရာ တောင်ကုန်းပေါ်သို့ ထွက်ခွာလာခဲ့ပါတယ်။ သုံးရက်လောက်ကြာတဲ့အခါမှာ အသံကျယ်လောင် စွာပေါက်ကွဲပြီး မြေသားတွေက ချိုင့်ဝင်သွားကာ ရေတွေလွှမ်းမိုးခဲ့တယ်။ ထိုအချိန်မှာ မုဆိုးမက တောင် ကုန်းတစ်ခုပေါ်ရောက်ရှိနေပြီ။ ထိုတောင်ကုန်းပေါ်ကနေ ရေလွှမ်းနေတဲ့ စည်ခမ်းမြို့တော်ကို ပြန်လှည့် ကြည့်ခဲ့ပါတယ်။ ထိုတောင်ကုန်းကို လွိုင်မုန့် မျှော်ကြည့်တဲ့တောင် လို့ခေါ်ခဲ့ပါတယ်။ ယခုအခါ လွိုင်မုန့် ကို မြန်မာဘာသာ လွဲမွန်လို့ ဘာသာပြန်ကြပါတယ်။ ယခုအချိန် လွဲမွန်ဟာ ရှမ်းနီကျေးရွာတစ်ခုအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ စည်ခမ်းမြို့တော်တစ်ခုလုံးရေလွှမ်းမိုးတဲ့အချိန် ယာဂျပ်ဆိုတဲ့ရွာလေးတစ်ရွာသာကျန်ခဲ့ပါတယ်။ ထိုယာဂျပ်ကို မမုန်ယာဂျပ်ဆိုပြီး အင်္ဂလိပ်ခေတ်မှတ်တမ်းများမှာတွေ့နိုင်ပါတယ်။အင်းတော်ကြီးကန်အရှေ့ကမ်းရှိ ရွာသစ်ကျေးရွာဟာ ထိုမမုန်ကျေးရွာအဟောင်းကိုဖျက်ပြီး ရွာသစ်လာ တည်ထောင်သောကြောင့် ရွာသစ်လို့ပြောဆိုကြပါတယ်။ အင်းတော်ကြီးဒေသမှာ မမုန်ယာဂျပ်လိုတခြား သော ရှေးဟောင်းကျေးရွာများလည်းရှိပါသေးတယ်။ ခေတ်ကာလအားဖြင့် မှတ်တမ်းမှတ်ရာများက သက္ကရာဇ်အတိအကျရေးထားခြင်းမရှိသော်လည်း ထိုမှတ်တမ်းများကို ပြန်ရေးထားသည့် စာများကနှစ်ပေါင်းရာနှင့်ချီရှိနေပြီဖြစ်ပါတယ်။ 

အင်းတော်ကြီးဒေသမှာ ကျေးရွာအုပ်စု (၁၁)အုပ်စုနဲ့ ကျေးရွာ (၄၀)ကျော်ရှိပါတယ်။ ကျေးရွာတွေမှာ အများစုရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ကြပြီးတော့ လယ်ယာလုပ်ငန်း ၊ တံငါလုပ်ငန်းတွေနဲ့အသက် မွေးဝမ်းကြောင်းပြုကြပါတယ်။ အင်းတော်ကြီးကန်ရဲ့ အနောက်ဘက်ကမ်းကို ကားလမ်းအတိုင်းခရီးသွား မယ်ဆိုရင် ကုန်းမနကျေးရွာကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ ကုန်းမနကျေးရွာ အလယ်မှ အရှေ့ဘက်သို့ ဖောက်လုပ်ထားတဲ့ မြေသားလမ်းတစ်ခုရှိပါတယ်။ အရင်ကတော့ မြေသားလမ်းက ကျည်းမြောင်းလွန်းတယ်။ အခုအချိန်ဆိုမှာ ပြုပြင်မှုတွေလုပ်ထားဒါကြောင့် လမ်းက အတော်အသင့်ကျယ်လာလို့သွားလာဖို့ အဆင်ပြေနေပြီဖြစ်ပါတယ်။ ထိုလမ်းအတိုင်းဆက်သွားမယ်ဆိုရင် အင်းတော်ကြီးကန်နှင့်အနီးကပ်ဆုံး သောကျေးရွာတစ်ခုဖြစ်တဲ့ နမ့်ဖောင်းစင်ကျေးရွာကိုရောက်ရှိသွားမှာဖြစ်ပါတယ် ။

ကုန်းမနကျေးရွာအထွက်ကတည်းကပင် ဘေးဝဲယာတွင် ကျယ်ပြန့်တဲ့ လယ်ကွက်များကိုရှုမဆုံးမြင်ရပါတယ်။ လမ်းဆုံးသွားရင် ကျေးရွာရောက်သွားပြီဖြစ်တယ်။ နမ့်ဖောင်းစင်ကျေးရွာတည်ဆောက်ထားပုံက တစ်ဖက်ကတောင်ကုန်း နှင့် တစ်ဖက်က မြေပြန့်တွင်တည်ထားပါတယ်။ ဂူဂဲရဲ့ကောင်းကင်မြေ ပုံကကြည့်မယ်ဆိုရင် ကျေးရွာတည်ဆောက်ပုံက လူတွေရဲ့ ကျောက်ကပ်တည်ဆောက်ထားတဲ့ပုံစံအတိုင်းဖြစ်ပါတယ်။ နမ့်ဖောင်းစင်ကျေးရွာဟာ အိမ်ခြေအားဖြင့် သုံးဆယ်ကျော်သာရှိပါတယ်။ ဘေးမှာနမ့်ဖောင်းစင်ချောင်းက ဖြတ်သန်းစီးပြီး အင်းတော်ကြီးကန်ထဲသို့ဝင်သွားပါတယ်။ နမ့်ဖောင်းစင်ချောင်းကို အမှီပြုပြီး နမ့်ဖောင်းစင်ချောင်းဖြစ်လာတယ်လို့ ကျေးရွာရဲ့ သက်ကြီးပိုင်းများက ပြောဆိုကြပါတယ်။ ဒါပေမယ့်လည်း နမ့်ဖောင်းစင်ကျေးရွာမှာ လူတွေမသိသေးတဲ့ သမိုင်းကြောင်းတစ်ခုရှိပါတယ်။ 

မိုးကောင်းစော်ဘွား၏ အချုပ်အခြာအာဏာတည်ရှိနေစဉ်ကာလတစ်ခုမှာ နမ့်ဖောင်းစင်ကျေးမှာ ယာယီဟော်နန်းစိုက်ခဲ့တဲ့သမိုင်းမှတ်တမ်းများရှိပါတယ်။ ထိုသို့နှစ်အနည်းငယ်ကြာအောင်နန်းစိုက်ခဲ့ပြီး နောက် မြန်မာဘုရင်များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နမ့်ဖောင်းစင်ရွာလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ ထိုနေရာကို ဖျက်ဆီးခဲ့ပြီး မြန်မာဘုရင်များက မြို့ဝန်များ ၊ အမတ်များ ၊ စော်ကဲများကို အစားထိုးခန့်အပ်ခဲ့ကြတယ်။ အင်းတော်ကြီးရှိ လုံးတုံကျေးရွာကို ခရိုင်အဖြစ်သတ်မှတ်ပြီး ပေါမိုင်းများကို ခန့်အပ်ချုပ်စေခဲ့သည်။ နမ့်ဖောင်းစင်ကျေးရွာကိုလည်း ထိုခရိုင်လက်အောက်ထားရှိထားခဲသည်။ ဒီအကြောင်းအရာကို ၁၉၀၁ ခုနှစ် မြန်မာဂေဇက် အထက်မြန်မာပြည်နှင့် ရှမ်းပြည်  အပိုင်း(၂) ၊အတွဲ(၁) မှာရေးသားထားပါတယ်။နမ့်ဖောင်းစင်ကို တစ်နည်းအားဖြင့် ငွင်စင်းလို့လည်း ခေါ်ဆိုကြပါတယ်။ ငွင်စင်းဆို တောင်ကုန်းပေါ်ပေါက်တဲ့ဝါးတစ်မျိုးလို့ရေးသားထားပါတယ်။ နမ့်ဖောင်းစင် နှင့် တုံပေကုန်းမန ကျေးရွာသားများက ငွင်စင်း အရှင်ဆိုပြီး ကိုးကွယ်မှုတွေလည်းရှိပါတယ်။ ထိုနယ်တစ်ဝိုက်ကို ထိန်းသိမ်းတဲ့အရှင်လို့လည်းယုံကြည်ကြတယ်။ 

လက်ရှိ နမ့်ဖောင်းစင်ကျေးရွာတွင်ရှေးဟောင်း ဘုရား ၊ စေတီ ၊ ဘုရားကျောင်းကန်များ ၊ သိမ် များကိုတွေ့ရပါတယ်။ ခေါင်းပျက်နေတဲ့ ဘုရားများစွာလည်း မြင်တွေ့ရပါတယ်။  အလျားတစ်ဒေါင်ခန့် ရှည်တဲ့ အုပ်ချပ်တွေနဲ့ တည်ဆောက်ထားတဲ့ စေတီဟောင်း (၇) ဆူလည်းရှိပါတယ်။ စေတီများဟာအောက် ခြေပိုင်းမျှသာ ကျန်ရှိတော့ပြီး ထိပ်ပိုင်းစေတီများ ပျက်ဆီးကုန်ပြီဖြစ်ပါတယ်။ ကျန်ရှိနေတဲ့စေတီအောက်ပိုင်းများကလည်း ကာလရှည်ကြာလာတာနဲ့အမျှ ပျက်စီးမှုများဖြစ်လာခဲ့ပါတယ်။ 

မြောက်မှ တောင်သို့ တက်သွားသည့်ကျောင်းဆောင်လှေကားပျက် နှစ်စင်းလည်းကျန်ရှိနေပါတယ်။ လှေ ကား ထစ်ခုံလေးနှစ်ခုသာကျန်ရှိပါတော့တယ်။ လှေကားနှင့် မလှမ်းမကမ်းတွင် ညောင်ပင်သုံးပင် ရစ်ပတ်ထားတဲ့ယပ်မ တစ်ခုလည်းရှိပါတယ်။ “ အဖိုးတို့ လူပျိုဘဝတုန်းကတော့ နည်းနည်းပျက်စီးတယ်။ ဘာသာရေးကို ဂရုမစိုက်ပအားဘူး ၊ ဘော်ဒါတွေ တအားထူတော့လေ ။ စပါးစိုက်တော့လည်း နိုင်ငံတော် ကိုသွင်းရနဲ့ ဒါတွေကို ပြင်ချိန်မရှိဘူး” ဟု နမ့်ဖောင်းစင်ရွာမိရွာဖ တစ်ဦးဖြစ်တဲ့ ဦးလှမောင်က ပြောဆိုပါ တယ်။ နမ့်ဖောင်းစင်ရွာအရှေ့ဘက် ကပ်လျှက်တည်ရှိနေတဲ့ ထိုရှေးဟောင်းယဉ်ကျေးမှုနေရာမှာ ကုန်းသိမ်ရေသိမ်နှစ်ခုရှိပြီး ကုန်းသိမ်ရဲ့ သိမ်ငုတ်ကိုအခုထိတောင် ကျန်ရှိနေပါတယ်။ ငှက်မနားတိုင်နှစ်တိုင် လည်းရှိပါသေးတယ်။ ထိုငှက်မနားတိုင်များကိုလည်းတချို့ သောအပင်များက ငုံထားနေပြီဖြစ်ပါတယ်။ ရှေးဟောင်းနေရာများဟာ ထိန်းသိမ်းမယ့်သူ ကင်းမဲ့နေ တဲ့အတွက် ခြုံနွယ်ပိတ်ပေါင်းများစွာနှင့် ထူထပ်နေပါတယ်။ ထိုနေရာမှာ ရှိတဲ့ ရှေးဟောင်းလက်ရာ များနဲ့ပတ်သတ်ပြီး ပန်းချီပန်းပုပညာရှင် ဦးစူးမြင့်သိန်းက “ ကျောင်းဆောင်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀ ခန့်က လို့ယူဆရပါတယ်။ ဘုရားဆင်းထုတွေကတော့ အမရပူရခေတ်လောက်လို့မှန်းဆပါတယ်။ ဒါပေမယ့် ကနုတ်ပန်းတွေကတော့ အမရပူရအစောပိုင်းကာလပေါ့။ ဒီထက်အစောပိုင်းကာလတွေလည်းဖြစ်နိုင်ပါတယ်။ဘုရားဆင်းထုတွေရဲ့မျက်နှာကို မြင်ရမယ်ဆိုရင်တော့ ပိုပြီး ခန့်မှန်းလို့ရပါတယ်” ဟု နမ့်ဖောင်းစင်ရှေးဟောင်းနယ်မြေနှင့်ပတ်သက်ပြီး မှတ်ချက်ပြုထားပါတယ်။ 

“ နမ့်ဖောင်းစင်ကျေးရွာဟာ အရင်ကတော့ ကြက်ပျံမကျဘူး၊စည်ကားတယ်။ အဘိုးတို့လည်း မမှီဘူးပေါ့၊ ဟိုဟော်ဆိုင်ခေတ်ကတည်းက ၊နမ့်ဖောင်းစင်ဟာမြို့ဖြစ်ခဲ့တယ်။” ဟု ရွာမိရွာဖတစ်ဦးက ပြောဆိုပါတယ်။ ယခုအချိန်မှာတော့ အိမ်ခြေအနည်းငယ်သာရှိတော့တဲ့ ကျေးရွာတစ်ခုအဖြစ်သာရှိ နေပါတော့တယ်? 

နမ့်ဖောင်းစင်ကျေးရွာဟာ အိမ်ခြေလည်းနည်း၊လူဦးရေလည်းနည်းတာကြောင့် ပြုပြင်ထိန်း သိမ်းလုပ်ရမယ့်လုပ်ငန်းတွေကို ပြည့်ဝစွာမလုပ်ဆောင်နိုင်ကြေပေ။ သို့ပေမယ့်လည်း လေ့လာသူများ လာရောက်ရင်တော့ လိုက်လံရှင်းပြပြောပြကြပါတယ်။ တချို့လည်း ဒီကတိုင်တွေကို လာဖြတ်လို့ တားထားရတယ်။ ယခုထက်ပို၍ မပျက်ဆီးသွားအောင်လည်း ထိန်းသိမ်းရမယ့် တာဝန်ကိုတော့ ကျေးရွာသားတွေက သိကြပါတယ်။ “ ဘကြီးက သန့်ရှင်းရေးလေး လုပ်ချငင်တာ။ လူအင်အားလည်းမရှိဘူး။ အိမ်ခြေက သုံးဆယ်ကျော်ဆိုတော့ ၊လုပ်မယ်ဆိုတော့ လူပဲ မဟုတ်ဘူး ၊ ငွေကြေးလေးနည်းနည်းပေါ့ ၊ ခြိမ်းဆော လေးဘာနဲ့ဆို မြန်မတာပေါ့ ၊ ဓါးနဲ့ဆိုရင်နှေးတာ ပေါ့လေ” ဟု ဦးလှမောင်က သူ့ရဲ့ဆန္ဒကို ပြောပြပါတယ်။ နမ့်ဖောင်းစင်ရှေးဟောင်းနယ်မြေများ ကိုနိုင်ငံခြားသားများက လာရောက်လေ့လာမှုများပေမယ့်  အင်းတော်ကြီးဒေသသားတွေနဲ့ မြန်မာ နိုင်ငံသား တွေကတော့ အရောက်နည်းကြပါတယ်။

ထိုသို့ အင်းတော်ကြီးဒေသမှာ ရှေးဟောင်းကျတဲ့နယ်မြေ လေးငါးခုရှိပါတယ်။ နမ့်ဖောင်းစင် ကျေးရွာလည်း တစ်ရွာအပါအဝင် တခြားသော နယ်မြေများကိုလည်း ထိန်းသိမ်းမှုအားနည်းကြပါ တယ်။ နမ့်ဖောင်းစင်ရှေးဟောင်းနယ်မြေဆိုလျှင်ပြုပြင်ထိန်းသိမ်းမှုများ မလုပ်နိုင်သောကြောင့် အဝေးကလျှင် လှမ်းကြည့်လျှင်မမြင်နိုင် ။ ငုတ်လျှိုးဝှက်ပုံးနေသည့် အလားဖြစ်နေပါတယ်။ နမ့်ဖောင်း စင်ရှေးဟောင်းနယ်မြေကို ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဆောင်မယ်ဆိုရင် ရှမ်းနီ တိုင်းရင်းသားတွေရဲ့ သမိုင်းများကို တခြားသော သူများက လာရောက်လေ့လာနိုင်မယ့်အပြင် အင်းတော်ကြီးဒေသရဲ့ ခရီးသွားလုပ်ငန်းများလည်း ယခင်ထက်ပိုမိုတိုးတက်နိုင်မယ့်အခြေအနေရှိပါတယ်။ နိုင်ငံခြားသားအများစုက သဘာဝအခြေခံခရီးသွားလုပ်ငန်းများအပြင် ရှေးဟောင်းနယ်မြေများကိုလည်းလည်ပတ်မှုများပြားကြပါတယ်။ အင်းတော်ကြီးဒေသမှာ ခရီးသွားများစိတ်ဝင်စားတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ရှေးဟောင်းနယ်မြေများရှိနေတာကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်လုပ် နိုင်ဖို့ မခဲယဉ်းလှပါဘူး။ နမ့်ဖောင်းစင်ကျေးရွာဟာ ရှမ်းနီတိုင်းရင်းသားတွေ ပြန်လည်ဖော်ထုတ်ပြီး ထိန်းသိမ်းရမယ့် နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဆောင်းပါးရှင်- လှိုင်ထက်ကို

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ