ဝန်းသို (သို့မဟုတ်) ဝိန်းဆေအရပ်မှ ကျားဟိန်းသံ

#ဝန်းသိုမြို့နယ်နဲ့ ဆက်စပ်တဲ့မြို့နယ်တွေ မှာ ဧကပေါင်းသိန်းချီတဲ့ သတ္တုစမ်းသပ် ရှာဖွေခွင့် လိုင်စင်ပေးလိုက်တယ် ကြားရတော့ ဒါက ထူးဆန်းနေပါတယ်။ ဝန်းသိုနယ်မှာ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်က ရေနံရှာဖွေရေးဆိုပြီး ရောက်ရှိလာခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီများစွာကိုလည်း ကြုံတွေ့ဖူးခဲ့ကြပါတယ်။အဲဒီခေတ်အဲဒီအခါက ဝန်းသိုနယ်မှာ သစ်ထုတ်သူတွေ ရွှေတူးသူ (အခုလို ကုမ္ပဏီ တွေမရှိခင် အခြေအနေ) တွေနဲ့ စည်ကားခဲ့ပါတယ်။ ဝန်းသိုမြို့လေးမှာ သူ့အလုပ်နဲ့သူ စည်ကားနေသလို သစ်လုပ်သူ၊ ရွှေလုပ်သူ၊ ဆန်စက်လုပ်ငန်းလုပ်သူတွေနဲ့ စည်ကားနေပါတယ်။ အဲဒီအချိန်က ဝန်းသိုမြို့သူမြို့သားတွေအတွက် သဘာဝတရားကြီးကပေးထားတဲ့ အရင်းအမြစ်တွေနဲ့ ပျော်ရွှင်နေရချိန် ဖြစ်ပါလိမ့်မယ်။ ဝန်းသိုမြို့ရဲ့ အနောက်ဖက်မှာ ဒေါင်းမြူးချောင်း စီးဆင်းနေပါတယ်။ အဲဒီချောင်းထဲမှာ ညနေရေချိုးဆင်းချိန်ဆို လက်လှဲ့အင်ဝိုင်းလေးနဲ့ ပေါက်ပြားတစ်ချောင်းကိုင်ပြီး ချောင်းဘေးတလျှောက် ရေချိုးလာကြရင်း ရွှေကျင်နေကြတာကို တွေ့မြင်နေရတဲ့မြင်ကွင်းက အခုဆိုရင် တွေ့ခွင့်မရတာတောင် ကြာပါပြီ။၁၉၈၉ ခုနှစ်ထိ ဒေသခံတွေက အင်ဝိုင်းတစ်ချပ်နဲ့ ပေါက်ပြားတစ်လက်ရှိရင် ရွှေကနေ ငွေကြေးအဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ အခြေအနေပါ။ အဲဒီထက်ပိုပြီးတတ်နိုင်ခဲ့ရင်တော့ ဂျင်မာ တရုတ်အင်ဂျင်လေးဝယ်ပြီး ချောင်းအညာတလျှောက် တူးဆွပြီး ရှာဖွေနေကြတာကိုလည်း မြင်ခဲ့ရပါတယ်။ ဝန်းသိုမြို့နယ်မှာ နေရာအနှံ့ ရွှေထွက်ပါတယ်။ ရွှေအောင်တယ်ဆိုတဲ့ စကားနဲ့ ရွှေရလားဆိုတဲ့ စကားရပ်တောင် မတူပါဘူး။ ရွှေအောင်တယ်ဆိုတာက ပိဿာနဲ့ချီပြီးရမှ ပြောကြတဲ့စကားဖြစ်သလို ရွှေရလားဆိုတာက တစ်မူး တစ်ပဲကနေ တစ်ကျပ်သားထိ ရတာကို ပြောဆိုကြတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ ဥပဒေသစ်တွေ ထွက်လာတော့ အင်ဝိုင်းနဲ့ ပေါက်ပြားက ထောင်ထဲရောက်ဖို့အတွက် လုံလောက်တဲ့ပစ္စည်းတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ ဆိုင်ရာပိုင်ရာ ရှိသူတွေအတွက်ကတော့ ကျော်လွှားနိုင်သလို ဒေါင်းမြူးချောင်းရေ နှောက်နေသမျှ သက်ဆိုင်သူတွေအတွက် လာဘ်လာဘက နှုတ်ဆိတ်နေစေခဲ့ပါတယ်။

ဝန်းသိုနယ်တစ်ဝိုက်မှာ နမ်းခမ်းနယ်က နာမည်ကြီးသလို ဒေသအသီးသီးက လာရောက်ပြီး ရွှေတူးဖော်တဲ့အလုပ်ကို လုပ်ကြပါတယ်။ အဲဒီအရပ်ဒေသမှာ အင်္ဂလိပ်ခေတ်က ရွှေတူးဖော်ခဲ့တဲ့ မိုင်းတွင်း (လိုဏ်ဂူ) ကျောက်ပါးစပ်အမည်ရှိသလို ရွှေလှော်ဖိုလည်း ရှိတယ်ဆိုပါတယ်။ ဂျပန်ခေတ်ထိတိုင် တူးဖော်ခဲ့တယ်လို့ ရှေးလူကြီးတွေက ပြောပြပါတယ်။အင်္ဂလိပ်ခေတ်က တူးဖော်ခဲ့တဲ့ ရွှေမိုင်းတွင်းကတော့ ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ PNO/PNA ကို လုပ်ကွက်ပေးခဲ့တယ်လို့ သိရတဲ့အပြင် မိုင်းတွင်းလည်း ပြိုကျသွားပြီလို့ သိရပါတယ်။၁၉၉၄ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ တော်တော်များများဟာ နမ်းခမ်းရွှေတွင်းမှာ လုပ်ကွက်ပေါင်းများစွာ ရခဲ့ကြပြီး ဒေသခံတွေကတော့ ရွှေအထွက်ကောင်းတဲ့ လုပ်ကွက်ထဲမှာ အဖက်စား သို့မဟုတ် အဝက်စားဆိုပြီး ရလာတဲ့ ကျောက်ရွှေမြေကို ခွဲတမ်းအချိုးကျနဲ့ ပေးရတဲ့အလုပ်ကို လုပ်ကြရပါတယ်။ ရွှေတူးဖော်တဲ့အလုပ်နဲ့ ကံတရားကြောင့် ဘဝအခြေအနေ ပြောင်းသွားကြသူတွေရှိသလို ဘဝဆုံးပြီး သေကြေခဲ့ကြရတာလည်း ကြားနေရပါတယ်။ ကျနော့်မိတ်ဆွေတစ်ယောက် ရွှေအောင်ခဲ့တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ သူက ရွှေတူးတဲ့အလုပ်လုပ်တဲ့သူ မဟုတ်ပါဘူး။ တစ်နေ့မှာ ရွှေဘို ဝက်လက်နယ်က ရွှေရှာရွှေတူးတဲ့အဖွဲ့တွေက စရိတ်ပြတ်လို့ သူတို့တူးထားတဲ့နေရာကို ခရီးစရိတ်လောက်နဲ့ ရောင်းပြီးပြန်သွားခဲ့တာပါ။ အဲဒီနေရာကို ဆက်တူးရင်း ရွေစင်အတုံးလိုက် ရတာကနေ သူ့ရွှေတွင်းဟာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အဲဒီခေတ်က စစ်ဗိုလ်ချုပ်တွေထိ ပေါက်ရောက်ခဲ့သလို အရာရှိအရာခံတွေကို လက်ဆောင်ပေးရင် ရွှေချောင်းပဲပေးတယ်ဆိုပြီး နာမည်ကြီးခဲ့တဲ့သူပါ။ ဒါပေမဲ့ သူကတော့ သက်ဆိုးမရှည်ခဲ့ပါဘူး။ ကျနော်ပြောချင်တာက ဝန်းသိုနယ်ဟာ ရွှေထွက်တဲ့ဧရိယာဖြစ်တဲ့အကြောင်း ပြောချင်လို့ဖြစ်ပါတယ်။ နောက်ထပ် ရွှေမှော်တွေ အများကြီး ရှိပါသေးတယ်။

ဝန်းသိုမြို့နယ်ရဲ့မြောက်ဖက်မှာ အမြင့်ပေ ၅၀၀၀ ကျော်ရှိတဲ့ မိုင်းသုံတောင်မကြီးရှိပြီး တောင်စဉ်တန်းတလျှောက် အမှီပြုနေတဲ့ ရွာတွေရှိသလို တောင်စဉ်တန်းတလျှောက်ကလည်း ရွှေမထွက်တဲ့နေရာဆိုတာ ခပ်ရှားရှားပါ။

၁၉၉၀ -၉၁ ခုနှစ်က ကျနော်ရောက်ခဲ့တဲ့ ရွာမှာဆိုရင် မိုးရာသီမှာ စပါးနဲ့ အသီးအနှံစိုက်ပြီး ဆောင်းရာသီမှာ အမဲလိုက်ပါတယ်။ အအေးဓာတ်လျော့တဲ့အချိန်မှာ မိန်းမယောင်္ကျားမကျန် တောင်ကြို တောင်ကြား ချောက်ကြားမှာ အပေါ်ယံ ရေစီးကြောင်းကို တူးဆွပြီး ရွှေကျင်ကြပါတယ်။ ကျနော်တည်းခဲ့တဲ့ အိမ်ရှင်ဆိုရင် သူ့သမီးလေး ရွှေကျင်တာ နှစ်ကျပ်သားရပါတယ်။ မီးလင်းရွှေချွတ်တာ သိပ်မလျော့ဘူးလို့ ပြောပါတယ်။ ဝန်းသိုမြို့ရဲ့ မြောက်ဖက်အရပ်ဒေသမှာ စော်ဘွားခေတ်က ရွှေခွန်တော်မှူးတွေ တူးတဲ့ ရွှေတွင်းတွေရှိသလို ရေသွယ်မြောင်းတွေထိ ရှိတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ကျောင်းသားဘဝ ခရီးသွားစဉ်အခါက ရထားပေါ်မှာ ဝန်းသိုမှာ တာဝန်ကျခဲ့ဖူးတဲ့ ရဲအရာရှိတစ်ယောက်နဲ့ စကားပြောကြရင်း မဆလ ခေတ်က သူကြုံတွေ့ခဲ့တာကို ပြောပြပါတယ်။ စစ်ကိုင်းတိုင်းကောင်စီဥက္ကဋ္ဌ သူရကျော်စွာ လက်ထက်က ဝန်းသိုမြို့နယ် ဂျိုးထောင်တိုက်နယ် ရှင်မတောင်တစ်ဝိုက်မှာ လူတစ်ယောက်ကို မသင်္ကာလို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီလူကို ဧည့်ရိပ်သာတစ်ခုမှာ စစ်ဆေးမေးမြန်းပြီး ရှာဖွေတဲ့အခါ မြေပုံတစ်ခု တွေ့ရှိခဲ့တယ်လို့ ပြောပြပါတယ်။ မြေပုံပေါ်မှာ မှတ်သားထားတဲ့ စာတွေအကြောင်း စစ်မေးတဲ့အခါ တစ်လုံးမှပြန်မပြောဘဲ ဦးနေဝင်းဆီပဲ စာတစ်စောင်ပို့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ပြောပြပါတယ်။ တစ်လကြာ ထိန်းသိမ်း မေးမြန်းပြီးချိန်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပြပါတယ်။နောက်ပိုင်းမှာ ဖားကန့်ဖက်တက်သွားပြီး သတင်းအစအန ထပ်မရတော့ဘူးလို့ ပြောပါတယ်။ ရဲမှူးရဲ့ပြောပြချက်အရဆို သူဟာ ရှရှားနိုင်ငံမှာ ရွှေနဲ့ပတ်သက်တဲ့ပညာရပ်ကို သွားရောက်သင်ယူခဲ့တယ်လို့ ဆိုပါတယ်။ ဟုတ်မဟုတ် ဆိုတာကတော့ အဲဒီခေတ်အခါက တာဝန်ယူခဲ့တဲ့သူတွေ မေးမြန်းကြည့်မှ သိမှာပါ။ဝန်းသိုမြို့ အနောက်ဖက်မှာ မှန်ကင်းတောင်ရှိပါတယ်။ ဝန်းသိုမြို့ကနေ ပင်လည်ဘူးမြို့ကိုသွားတဲ့ ကားလမ်းနံဘေး (၇)မိုင်စခန်းမှာလည်း ရွှေအမြောက်အများထွက်ခဲ့ပါတယ်။ အခု နာမည်ကြီးနေတဲ့ စမ်းသပ်ခွင့်ရထားတဲ့ နေရာထဲမှာ မိုင်းသုံတောင်မကြီး၊ မှန်ကင်းတောင်နဲ့ အဲဒီနေရာတွေ ပါဝင်မယ်လို့ ထင်ပါတယ်။ ကြံခိုင်ရေးအသင်းရဲ့ ခေတ်တစ်ခေတ်ကို လည်း ပြန်ပြောပြချင်ပါတယ်။ အဲဒီအချိန်က ဒေသထဲမှာ ရွှေလာတူးဖော်မယ့် ကုမ္ပဏီတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာ ကြံခိုင်ရေးအသင်းကို ရန်ပုံငွေတစ်ရပ်ထည့်ဝင်မှ တူးဖော်ခွင့်ရဖို့ ထောက်ခံချက် လက်မှတ်ထုတ်ပေးပါတယ်။ အဲဒီလက်မှတ်ပါမှ တူးခွင့်လိုင်စင်ရတာ ဖြစ်ပါတယ်။ ဝန်းသိုမြို့မှာ လူမျိုးပေါင်းစုံ နေထိုင်တဲ့အပြင် အရင်ခေတ်က စော်ဘွားနေထိုင် အုပ်ချုပ်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်လို့ သမိုင်းကြောင်းများစွာ ရှိပါတယ်။ စော်ဘွား ဟော်နန်းနေရာကတော့ ယခုအခါ စည်ပင်သာယာစျေးအဖြစ် ရှိနေပါပြီ။ ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီးကျောင်း၊ ဝတ်ပြုကျောင်းတွေအပြင် ဒေသဆိုင်ရာ ကိုးကွယ်ယုံကြည်မှုအဖြစ် မိုင်းသုံဘိုးဘိုးကြီး နတ်နန်းလည်း ရှိပါတယ်။ ဝန်းသိုမြို့နယ်ကနေ သစ်တောထွက်ပစ္စည်းတွေလည်း အများအပြားထွက်သလို သစ်ကုမ္ပဏီတွေဝင်လာပြီးနောက်ပိုင်းမှာ သစ်တောတွေဟာ တဖြည်းဖြည်း နည်းပါးသွားခဲ့ပါတယ်။ဝန်းသိုမြို့ဟာ ရှမ်းသမိုင်းထဲက အထင်ကရမြို့တစ်မြို့ ဖြစ်ခဲ့သလို ကျားဖြူမင်း ကျင်လည်ကျက်စားခဲ့တဲ့နေရာ ဖြစ်လို့ ရှမ်းနာမည်နဲ့ ဝိန်းဆေ (ကျားမြို့) လို့ အမည်တွင်ခဲ့ကြောင်း ခန္တီးဆရာတော်ကြီး ရေးသားပြုစုတဲ့ ဝန်းသိုရာဇဝင်မှာ ဖော်ပြထားပါတယ်။ ဝန်းသိုမြို့ကနေ ၂၅ မိုင်ခန့်ကွာဝေးတဲ့ မြောက်ဖက် အစွန်အဖျား ရွာကလေးကို မိုင်းသုံ ကျေးရွာလို့ခေါ်ပြီး ကျနော်ရောက်ခဲ့ချိန်ကတော့ အိမ်ခြေ ၄၀ လောက်သာ ရှိပါတယ်။ဗမာလို ပြောကြပေမယ့် စကားသံကဝဲပါတယ်။ ကတူးကနန်းနဲ့ ရှမ်းနီအနွယ်ဝင် တော်တော်များများဟာ ဗမာစကားပြောကြပေမယ့် ဝန်းသိုဒေသမှာတော့ ညယ်၊ မောင် ဆိုတဲ့ စကားလုံးတွေက ကြားရသူအတွက် အထူးအဆန်းဖြစ်နေမှာပါ။ အဲဒီဒေသမှာရှိတဲ့ အစားအသောက် တော်တော်များများကို ဆန်မှုံ့နဲ့ ပေါင်းစားကြပါတယ်။ ဟင်းရည်ဆိုရင် ဆန်လှော်မှုံ့ ထည့်ချက်ကြပါတယ်။ ဝန်းသိုမြို့ရဲ့ မြောက်ဖက်ဒေသက ရွာတွေမှာဆိုရင် ရေညှိကို ပေါင်းစားကြသလို ရေထဲက ပါလာတဲ့ ကျောက်ပွင့်တို့ကိုလည်း ရှာဖွေစားသောက်ကြပါတယ်။ ကော ပြီးစားတယ်ဆိုတာ ကျနော်ကိုယ်တိုင် ပြန်ရှင်းပြဖို့ ခက်ပါတယ်။ ဝန်းသိုဒေသမှာ လူမှုဘဝ တွေက ထူးခြားတဲ့လက္ခဏာတွေ ရှိကြပါတယ်။ အင်္ဂလိပ်ခေတ်က စစ်ရှုံးလို့ အိန္ဒိယကို ထီးချိုင့်ဖက်ကနေ ဆုတ်ခွာရာလမ်းကြောင်း အနေနဲ့ အသုံးပြုခဲ့ကြတာလည်း တွေ့ရပါတယ်။ ဝန်းသိုမြို့ အနောက်ဖက်မှာတော့ တပ်မ(၃၃) လက်အောက်ခံ တပ်ရင်းနှစ်ရင်း ရှိနေပါတယ်။ဝန်းသိုမှာ ဒေသခံတွေ တစ်နိုင်တစ်ပိုင် ရွှေတူးခွင့်ရခဲ့ချိန်ကဆိုရင် ဆောင်းရာသီ ရောက်ပြီဆိုတာနဲ့ ရိက္ခာခြောက်တွေ ဝယ်ခြမ်းပြီး ကျောပိုးခြင်းတောင်းတွေနဲ့ အုပ်စုလိုက် ရွှေတူးသွားကြတဲ့အဖွဲ့တွေဟာ နေ့စဉ်မပြတ်ပါဘူး။ နောက်ပိုင်း ကုမ္ပဏီတွေ ဝင်ရောက်လာကြတဲ့အချိန်မှာ ဒီအခွင့်အရေးတွေ ပျောက်ဆုံးခဲ့ကြပါတယ်။အရင်က တစ်နိုင်တစ်ပိုင် တူးခဲ့တဲ့အချိန်မှာ အင်ဝိုင်းနဲ့ ကျင်ယူလို့ရတဲ့ ရွှေမှုံများကို ပြဒါးနဲ့ပြန်ဖမ်းပြီး စုဆောင်းကာ ရွှေကောက်သမားတွေဆီ ရောင်းကြပါတယ်။ မျှောတိုက်ပြီး ရွှေစုဆောင်းကြတာလည်း ရှိပါတယ်။

ကုမ္ပဏီတွေ ဝင်လာတဲ့အခါမှာတော့ အပေါ်ရွှေမဟုတ်တော့ဘဲ ကျောက်ရွှေကို ရှာဖွေလာကြပြီး ဆိုင်ယာနိုက်အက်စစ် အသုံးပြု ချက်လုပ်ခဲ့ကြပါတယ်။ အဲဒီရဲ့ အကျိုးဆက်အနေနဲ့က ဒေါင်းမြူးချောင်းတလျှောက်နဲ့ အချို့နေရာတွေမှာ ငါးမျိုးစိတ်တွေ ပျောက်ကွယ်ကုန်တော့တာပါပဲ။ အင်းတော်မြို့နယ်ထဲက မဲဇာချောင်းဆိုရင် ရွှေစွန့်ပစ်မြေစာတွေကြောင့် တိမ်ကောသွားတာတွေ့ရသလို ဧရာဝတီမြစ်ထဲအထိ ဆိုးကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ အခု ဝန်းသိုနယ်မှာရှိတဲ့ ဒေါင်းမြူးချောင်းဟာ သဖန်းဆိပ်ဆည်ရဲ့ ရေဝင်ချောင်းတစ်ခုအဖြစ်ရှိတာကိုလည်း တွေ့ရပါတယ်။

၁၉၉၅ ခုနှစ်မှာ ဝန်းသိုမြို့နယ်မှာ တောင်ကျရေ ကျိုးပေါက်မူ့ကြောင့် လူဦးရေ ၃၀၀ (သုံးရာ) နီးပါး သေဆုံးခဲ့ရသလို နေအိမ်အမြောက်အများ ပျက်စီးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဒီနေ့ထိ ခြောက်လှန့်နေဆဲပါ။

၁၉၉၇ ခုနှစ်အလွန်မှာ ရှရှားကုမ္ပဏီ တစ်ခုကို ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်းသို ဒေသတွေမှာ စမ်းသပ်ဖို့ ခွင့်ပြုပေးခဲ့တာကို အမှတ်ရမိပါတယ်။ ယခုအခါမှာ သြစတေးလျအခြေစိုက်ကုမ္ပဏီတွေပါဝင်တဲ့ Wuntho Resources Co. Ltd ကို စမ်းသပ်ရှာဖွေခွင့်လိုင်စင်အဖြစ် ပင်လည်ဘူး၊ ဝန်းသို၊ ဗန်းမောက် မြို့နယ်တွေထဲမှာ ဧက တစ်သိန်းရှစ်သောင်းလောက် ပေးခဲ့တာကို သတင်းများအရ သိရပါတယ်။ အစိုးရနဲ့ ပါဝင်ပတ်သက်နေတဲ့ သူတွေကတော့ ဒါဟာ စိုးရိမ်စရာမရှိသေးဘူးလို့ ပြောပေမယ့် စိတ်ထဲပူပန်မိပါတယ်။ပထမ ပူပန်မိတာက လိုင်စင်ပါအချက်တွေကိုပါ။ အတည်ပြုလို့ရနိုင်တဲ့ လိုင်စင်စာရွက်မှာ လူပုဂ္ဂိုလ်အမည်တွေ မပါလာပါဘူး။ ကုမ္ပဏီအမည်ပဲ ပါလာတာပါ။ဒုတိယက ကြေးနီနှင့် ဆက်စပ်သတ္တုများဆိုတော့ ဝန်းသိုဒေသဟာ သိရသလောက် ကြေးနီထက်စာရင် ရွှေပါဝင်မှုများကြောင်း သက်သေအထောက်အထားတွေ ရှိပါတယ်။

PanAust ရရှိထားသည့် Wuntho 3 ကြေးနီနှင့်သတ္တုစမ်းသပ်ရှာဖွေရေးလုပ်ကွက် ၁၈၅ဝဝဝ လုပ်ကွက်ပြမြေပုံ

နောက်တစ်ချက်က စမ်းသပ်ရှာဖွေလိုင်စင်ဟာ သက်တမ်း ၅ နှစ်လောက်ဖြစ်နိုင်သလို နောက်ထပ်သက်တမ်းအတွက်လည်း ထပ်မံတိုးခွင့်ရှိပါတယ်။ဝန်းသိုမြို့နယ်ရဲ့ အရှေ့ဖက်မှာ ကျောက်ပုထိုးရွှေသတ္တုတွင်း ရှိပါတယ်။ ဘူမိဗေဒ သဘောအရ ပင်မသတ္တုသိုက်ကနေ ပဲ့ထွက်ရွှေ့လျားလာတဲ့ သတ္တုသိုက်လို့ ပြောပါတယ်။ စတင်တွေ့ရှိခဲ့သူကတော့ ဒေါ်ဗျိုင်းဆိုတဲ့ ရွာသူမကြီးတစ်ယောက် ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်ကျော်က တွေ့ခဲ့တယ်လို့ ထင်ပါတယ်။ ရွှေပါဝင်နှုန်း မြင့်မားတဲ့အတွက် အစိုးရကသိမ်းယူလိုက်ပြီး ဧရိယာထဲကျရောက်နေတဲ့ ရွာတွေကို ရွှေ့ပြောင်းလိုက်ပါတယ်။ နိုင်ငံပိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်အစိုးရ လက်ထက်မှာ ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ်ပြောင်းလဲလိုက်ပါတယ်။။အဲဒီအချိန်ကာလထဲမှာ ဒေသခံတွေနဲ့ မြန်မာနိုင်ငံသား ကုမ္ပဏီငယ်တွေဟာ ယခု လိုင်စင်ရထားတဲ့ ကုမ္ပဏီကြောင့် မြန်မာ့သတ္တုတွင်းနည်းဥပဒေအရ လက်လုပ်လက်စားလျှောက်ခြင်း၊ လုပ်ကွက်ငယ် လျှောက်ထားခြင်းတို့ လုပ်ခွင့် မရှိနိင်တော့ပါဘူး။ ဒီထက်ဆိုးဝါးလာနိုင်တာက ရှာဖွေခွင့်ရထားတဲ့ ကုမ္ပဏီတွေ ဟာ သူတို့လိုင်စင်ရထားတဲ့ အပိုင်နယ်မြေထဲကို ဖြတ်သန်းခွင့်မပေးခဲ့ရင်၊ သို့မဟုတ် ရွာသူရွာသားတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းထိ ကန့်သတ်လာခဲ့ရင် ဆိုတဲ့ စိုးရိမ်ချက်ပါ။ စိုးရိမ်မှုတွေ အများကြီးရှိပါတယ်။ ဒီနေ့ ကုမ္ပဏီတွေရဲ့ မြေပြင်မှာ လုပ်နေတာတွေဟာ တည်ဆဲဥပဒေနဲ့အညီ မဖြစ်တာတွေ အများကြီးပါ။ ဒါပေမဲ့ ကုမ္ပဏီတွေ ဟာ အရေးယူခြင်းမခံရပါဘူး။ ဒေသခံတွေပဲ အရေးယူခံနေရတဲ့ဖြစ်ရပ်တွေအများကြီးရှိပါတယ်။ ဒါတွေကိုလည်း ဘယ်သူက တာဝန်ယူပေးမှာလဲဆိုတာ ဒေသကလူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ဝန်းသိုဒေသခံ အချို့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ လက်ရှိတူးဖော်နေတဲ့ လက်ပံတောင်း ကြေးနီထုတ်လုပ်ရေး စီမံကိန်းကို မြင်ယောင်ကြည့်ပြီး စိုးရိမ်ပူပန်မှုတွေရှိတဲ့အကြောင်း ပြောပြပါတယ်။

ယခုလက်ရှိ အခြေအနေကတော့ ဧက နှစ်သိန်းနီးပါး စမ်းသပ်ရှာဖွေခွင့် ပေးထားတဲ့ အပေါ် စိုးရိမ်မှုကြီးနေကြတဲ့ ကျားမြို့က ဒေသခံလူထုကတော့ လူထုကိုယ်စားလှယ် တောင် သိခွင့်မရှိတဲ့လုပ်ငန်းဖြစ်နေတဲ့အတွက် မကျေနပ်သံတွေ ကျယ်လောင်လာနိုင်တယ်လို့ ထင်မြင်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

ရေးသားသူ – ကိုမိုး

ကိုမိုးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဆောင်းပါးများလည်းရေးသားနေသူတစ်ဦးဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ