



ဇွန် ၇ ၊ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ငြိမ်းချမ်းသာယာ အပိုင်း ၃ မှာ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ကလေးသူငယ်အပါအဝင် အရပ်သား ၉ ဦးသေဆုံးထားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေသိရပါတယ်။
“ မနေ့ကည ငြိမ်းချမ်းသာယာ အပိုင်း ၃ မှာ ၉ နာရီကျော်လောက် လက်နက်ကြီးကျည်ကျတာ၊ ယမ်းဂိုဒေါင်ကိုသွားထိတဲ့အခါကျတော့ ပြည်သူ သေဆုံးသူ စုစုပေါင်း ၉ လောင်း ၊ မီးလောင်ပြင်ထဲက ၈ လောင်း ၊ မနက်ပိုင်းမှာ တစ်လောင်းတွေ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က ပေါက်ကွဲမှုဖြစ်စဉ်ဟာ ယမ်းဂိုဒေါင်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အနီးနား အရပ်သားတွေသေဆုံးတဲ့အပြင် နေအိမ် ၁၂ လုံးထိ မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
မနေ့ည ၉ နာရီကတည်းက ထိခိုက်သေဆုံးတဲ့ရုပ်အလောင်းတွေကို ထုတ်ယူနေပြီး ဒီနေ့မနက်ပိုင်းအထိ ဆောင်ရွက်ခဲ့ရတယ်လို့သိရပါတယ်။
ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဘယ်အဖွဲ့ရဲ့ လက်နက်ကြီးကျည်ဆိုတာ မသိရှိရသေးပါဘူး။
ဇွန်လ ၃ ရက်နေ့ကလည်း မှော်စီဇာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်က ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် ၁၀ ဦးထက်မနည်းသေဆုံးပြီး အလုပ်သမား ၂၀ ဦးဝင်းကျင်ထိခိုက်ခဲ့တဲဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
