


အောက်တိုဘာ ၃ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အင်းအရှေ့ကမ်းဒေသ နဲ့ အင်းမြှီးဒေသက ကျေးရွာတွေအတွင်းမှာ KIA+ PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ စစ်သားစုဆောင်းရေးတင်းကြပ်မှုများကြောင့် သီတင်းကျွတ်အခါဓလေ့နဲ့ ပွဲတော်တွေကို မပြုလုပ်နိုင်တော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
“နှစ်ပေါင်းအတော်ကြာကြာ သီတင်းကျွတ်မှာ အမြဲတမ်း ရိုးရာအစဉ်အလာအတိုင်း လုပ်နေကျဖြစ်တဲ့ ဆီမီးထွန်းတာမှအစ ဥပုသ်သည်၊အပျိုလူပျိုတွေကို ထမင်းကျွေးတာမှအဆုံး မလုပ်တော့ဘူးတဲ့ လူငယ်တွေစုစုဝေးဝေးနေတာမကောင်းဘူးလို့ ရွာလူကြီးကဆော်သြထားတယ်” ဟု အင်းအရှေ့ကမ်း ကျေးရွာတစ်ရွာရှိ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။
သီတင်းကျွတ်ကာလမှာ သက်ကြီးရွယ်အိုတွေကတော့ ဥပုဒ်သီလဆောက်ယူတာတွကို ပြုလုပ်လို့ရနိုင်ပြီး လူငယ်အမျိုးသား/အမျိုးသမီး စုဝေးတာ ၊ ကျေးရွာလမ်းမတွေပေါ်သွားလာခြင်းများကို မပြုလုပ်ပဲ မိမိနေအိမ်အတွင်းသာနေထိုင်ကြဖို့ ရပ်ရွာလူကြီးများမှ ဆော်သြထားတယ်လို့ သိရပါတယ်။
“ ဒီအတိုင်းတောင် လမ်းပေါ်တွေ့ရင်တွေ့သလို ဆွဲဆွဲခေါ်သွားပါတယ်ဆို အုပ်စုလိုက်နေနေကျရင်တော့ ပိုဆွဲခေါ်ခံရနိုင်တယ်လေ ကျေးရွာလူကြီးကတော့ ကာကွယ်တဲ့အနေနဲ့ ဒီလိုသတိပေးထားတာပါ ပွဲချိန်လည်းကိုယ့်အိမ်ကိုယ်ပဲနေကြဖို့ပေါ့” ဟု ကျေးရွာသူတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် အင်းတော်ကြီးဒေသအတွင်း နှစ်စဉ်နှစ်တိုင်းမှာ ကျေးရွာအချင်းချင်း ကျောင်းကန်တော့တဲ့ရိုးရာဓလေ့၊ အစဉ်အလာမပျက် ပန်းကန်တော့ ပေးဝေခြင်းဓလေ့တွေကိုလည်း အခုနှစ်မှာပြုလုပ်နိုင်ဖို့မသေချာကြောင်း ဒေသခံများထံမှ သိရပါတယ်။
အင်းတော်ကြီးဒေသမှာ တိုက်ပွဲများငြိမ်သက်နေပေမယ့် KIA+PDF ကစစ်သားစုဆောင်းမှုတွေရှိနေပြီး ကျေးရွာတွေအတွင်းရှိ ဖွင့်လှစ်ခြင်းမရှိတဲ့စာသင်ကျောင်းများနဲ့ နေအိမ်တစ်ချို့မှာ ဝင်ရောက်နေထိုင်ခြင်းများရှိနေကြောင်း သိရပါတယ်။
KIA က စစ်သားစုဆောင်းမှုတွေကို အင်းတော်ကြီးဒေသနဲ့ အနီးက ဖားကန့်မြို့နယ်မှာလည်း ပြင်းပြင်းထန်ထန်ပြုလုပ်နေသလို ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာတွေမှာလည်းပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။