
ဇွန် (၄) ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းအုပ်စု မင်းကုန်းကျေးရွာမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးအခမ်းအနားကို ဇွန်လ (၄) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြို့သိမ်းတိုက်ပွဲကြောင့် ပညာရေးဌာနက ရွေ့ပြောင်းခဲ့ရပြီး မြို့အတွင်းပြန်လည်ဝင်ရောက်နိုင်တဲ့အခြေအနေမရှိသေးတာကြောင့် ဗန်းမောက်မြို့အနောက်ဘက်ခြမ်းမှာပဲ “ကျောင်းအပ်နှံရေးနေ့”ကို ကျင်းပရတာဖြစ်တယ်လို့ ပညာရေးဌာနက ဆိုပါတယ်။
ဗန်းမောက်မြို့ပေါ်မှာ ကျောင်းအပ်နှံရေးအခမ်းအနား မကျင်းပနိုင်ခြင်းဟာ လုံခြုံရေးအခြေအနေများနဲ့ မြို့အတွင်း ပျက်စီးဆုံးရှုံးမှုများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဒီလိုအခမ်းအနားကို ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ဗန်းမောက် (မြို့မ) အခြေခံပညာအထက်တန်း ကျောင်းမှာ ကျင်းပခဲ့ပေမယ့် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ဗန်းမောက်မြို့နယ်ကိုယ်စားပြုအဖြစ် မင်းကုန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပညာရေးခန်းမမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ (၆၁၄) နဲ့ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဗန်းမောက်မြို့နယ်အတွင်း ကျောင်းအပ်နှံမှုများကို စတင်လက်ခံဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၆,၀၀၀ ကျော် လာရောက်အပ်နှံထားပြီးဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စာသင်ကျောင်းပေါင်း ၆၃ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ (၁၀,၃၂၇) ဦး စတင်ပညာသင်ကြားခဲ့ပေမယ့် ပညာသင်နှစ်အဆုံးပိုင်းမှာ ဖြစ်ပွားခဲ့တဲ့မြို့သိမ်းတိုက်ပွဲများကြောင့် စာသင်ကျောင်း ၁၄ ကျောင်းအထိ ပိတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ လက်ရှိပညာသင်နှစ်အတွင်း စာသင်ကျောင်းပေါင်း (၅၄) ကျောင်းဖွင့်လှစ်သွားမယ်လို့ ပညာရေးဌာနမှ စုံစမ်းသိရှိရပါတယ်။
ဗန်းမောက်မြို့နယ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား/သူတွေအတွက် သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံးဗလာစာအုပ် မရရှိတာ ၄ နှစ်ကြာမြင့်လာခဲ့ပြီဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းများက ဆိုကြပါတယ်။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် သယ်ဆောင်ရာမှာလည်း ကန့်သတ်မှုတွေခံရပြီး စာအုပ်တွေ မရရှိတာဖြစ်တယ်လို့ ပညာရေးဝန်ထမ်းများထံမှ သိရပါတယ်။
ရှမ်းနီအသံရဲ့ သတင်းတွေကို Telegram ထဲမှာလည်း ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။ https://t.me/shannivoice
