အောက်တိုဘာ ၂၃ ၊ ရန်ကုန်
ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ FATF က မြန်မာနိုင်ငံကို Blacklist အမည်မည်း စာရင်းသွင်း လိုက်ခြင်းသည် စိုးရိမ်ဖွယ်အခြေအနေမဟုတ်တဲ့အတွက် ပြည်သူတွေစိုးရိမ်မှု မလွန်ကဲ ကြဖို့ကို အောက်တိုဘာ ၂၂ ရက်နေ့မှာ စစ်ကောင်စီဗဟိုဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူတွေစိုးရိမ်မှုနဲ့ Black list ထည့်သွင်းခံရမှုကို အကြောင်းပြုပြီးငွေကြေးစျေးကွက်မှာ မသမာမှုတွေမပြုလုပ်ဖို့နဲ့ ပြုလုပ်ရင် ဗဟိုဘဏ်က အရေးယူသွားမယ်လို့လည်း အသိပေးထားပါတယ်။
မြန်မာနိုင်ငံကို အမည်မည်းစာရင်းသွင်းလိုက်မှုကြောင့် ယမန်နေ့က မြန်မာကျပ်ငွေတန်ဖိုးကျ ဆင်းမှုနဲ့ ငွေကြေးစျေးကွက် မတည်မငြိမ်မှုတွေနဲ့ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များထွက်ခွာနိုင်သလို လာရောက်ရင်းနှီးမြှုပ်နှံဖို့ခက်ခဲတာ၊ ကုန်စျေးနှုန်းကြီးမြင့်တာတွေနဲ့ ကြုံတွေ့နိုင် ပြီး ပြည်သူတစ်ရပ်လုံးကိုအထိနာစေနိုင်တယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားကြ ပါတယ်။
ဗဟိုဘဏ်က မြန်မာနိုင်ငံအနေနဲ့ Black list သွင်းခံထားရမှုဟာ မြောက်ကိုးရီးယားနဲ့ အီရန်နိုင်ငံတို့လို အဆင့်မျိုး မဟုတ်ဘူး လို့လည်း ဆိုထားပါတယ်။
FATF အဖွဲ့ရဲ့သတ်မှတ်ထားတဲ့ အကြံပြုချက်(၄၀) ထဲက အချက် (၂၀)ကျော်ကို မြန်မာက သတ်မှတ်ထားတဲ့ ကာလအတွင်းပြည့်မှီမှုမရှိခဲ့တာကြောင့် အမည်မည်းစာရင်းထဲ ထည့်သွင်းခံရတာဖြစ် ပြီး လူသားချင်းစာနာမှုအကူအညီဆိုင်ရာကိစ္စရပ်ကိုတော့ ချွင်းချက်ထားရှိထားပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က လက်ရှိမှာ FATF က သတ်မှတ်ထားတဲ့ အချက် ၄၀ ထဲက (၂၄)ချက်ကို ပြည့်မှီနေပြီဖြစ်ပြီး အမည်မည်းစာရင်းကလွတ်မြောက်ဖို့ တစ်နှစ်အတွင်းဆောင်ရွက်မည့် Action Plan တွေကိုလည်း ချမှတ်ထားပြီလို့သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံဟာ FATF အဖွဲ့ရဲ့ အမည်မည်းစာရင်းထဲမှာ 2011 ခုနှစ်ကနေ 2016 ခုနှစ်အထိရှိခဲ့ပြီး Gray list အညိုရောင်စာရင်းထဲကို 2016 ခုနှစ်ကနေ 2022 ခုနှစ်ထိထည့်သွင်းခံထားရပါတယ်။