
စက်တင်ဘာ ၁၅၊ နေပြည်တော်
မြန်မာနိုင်ငံအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဖြစ်တဲ့ INGO/NGO များက မဖြစ်မနေ မှတ်ပုံတင်ရေး လုပ်ငန်းတွေဆောင်ရွက်သွားရမယ်လို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုလိုက်ပါတယ်။
မှတ်ပုံတင်လျှောက်ထားရာမှာလည်း အစိုးရဌာနအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်လိုအပ်မှာဖြစ်တယ်လို့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြုလုပ်တဲ့ INGO/NGO မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲမှာ ၎င်းက ပြောဆိုခဲ့ပါတယ်။
“ မြို့နယ်တွေနဲ့ ခရိုင်တွေမှာလည်း မှတ်ပုံတင်ချင်တဲ့ အဖွဲ့အစည်းတွေကို တင်ခိုင်းတယ်။ တင်ခိုင်းပေမယ့်လို လောလောဆယ်တော့မပေးသေးဘူး။ ပေးမယ့်ဟာကိုလည်း စိစစ်ပြီးတော့မှ ပေးပါဆိုပြီး ညွှန်ကြားထားတာမျိုးရှိတယ်။ ဘာဖြစ်နိုင်လဲပြောရင် စီးဆင်းငွေတွေနှောင့်နှေးသွားတာမျိုးဖြစ်နိုင်တယ်။ အကူအညီတွေ လိုတဲ့နေရာမျိုးတွေ မရောက်နိုင်တာမျိုးတွေဖြစ်လာနိုင်တယ်။” လို့ INGO အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောပြပါတယ်။
INGO/NGO တွေဟာ လက်ရှိမှာ မှတ်ပုံတင်သက်တမ်းကုန်ဆုံးနေတဲ့အဖွဲ့တွေအတွက်သက်တမ်းပြန်တိုးပေးခြင်းမရှိသလို အသစ်ပြန်လျှောက်ထားသူတွေအတွက်လည်း ချပေးခြင်းမရှိဘူးလို့ သိရပါတယ်။
အာရှ-ပစိဖိတ်ဒေသတွင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရဲ့ အကဲဖြတ်ချက်တွေအရ ပရဟိတအဖွဲ့တွေဟာ အကြမ်းဖမက်မှုကို ငွေကြေးထောက်ပံ့ရာမှာ အသုံးချခံရနိုင်ခြေများပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စံနှုန်းလိုက်နာမှု အားနည်းတယ်လို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။
“ ဒီလိုမျိုးတွေကတောဟိုးအရင်ကတည်းပြောနေပြီးသားဦးသန်းရွှေလက်ထက်ကတည်းကပြောနေတာ၊အဖွဲ့အစည်းတွေကလည်းဒီလိုမျိုးတွေကြုံခဲ့ဖူးပြီးသားပေါ့လေ။ အဲ့တာကြောင့်ဟိုး၂၀၂၂ကတည်းကသူတို့အဖွဲ့အစည်းတွေဘယ်လိုလှုပ်ရှားမလဲဆိုတာမဟာဗျူဟာရေးဆွဲပြီးလုပ်ရှားနေပြီးသား” ၎င်းက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ INGO/NGO တွေရဲ့ ငွေစီးဆင်းမှုလမ်းကြောင်းနဲ့ လှုပ်ရှားမှုတွေကို ပိုထိန်းချုပ်လာနိုင်တယ်လို့ ရှုမြင်မှုတွေလည်းရှိနေပါတယ်။
ဒီလိုပိုတင်းကြပ်လာမယ်ဆိုရင်ပြည်သူတွေရဲ့ နစ်နာမှုတွေများလာနိုင်ပြီး လူမှုသဟဇာတကွာခြားမှုတွေ ပိုမြင့်မားလာမယ်လို့ ကချင်ပြည်နယ်အခြေစိုက် NGO တွေက ဝေဖန်ပြောဆိုနေကြပါတယ်။