KIA  တပ်များကမြစ်ကြီးနားမြို့ပေါ်ရှိစီးပွားရေးလုပ်ငန်းရှင်များထံစာပေးပို့ပြီးအခွန်ကောက်ခံနေ

ဒီဇင်ဘာ ၁၉၊ မြစ်ကြီးနား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ စီးပွားရေးလုပ်ကိုင်နေသော ဆိုင်ခန်း အသေး၊အကြီးအားလုံးကို KIA က စာများပေးပို့ပြီး  အခွန်ကောက်ခံမှုတွေပြုလုပ်နေတယ်လို့  မြို့ပေါ်ဒေသခံများထံမှ သိရပါတယ်။

မြစ်ကြီးနားခရိုင် ၊ မလိယန်မြို့နယ် အခွန်ဦးစီးရုံး ( KIO ) ဟုဆိုကာ စာထုတ်ပြီး ဆက်ကြေးဖြတ်ပိုင်းများပို့ကာ ကောက်ခံနေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ  စစ်ကော်မရှင် ဒုဥက္ကဌရောက်ရှိချိန် အခုလို KIA က အခွန်(ဆက်ကြေး)ကောက်ခံတဲ့စာတွေကို လိုက်လံပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ မလိယန်ကျေးရွာက  ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ် တွင်တည်ရှိပြီး KIA ကထိန်းချုပ်ထားတဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။

၎င်းစာတွင် ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီမှာ နောက်ဆုံးထား လာရောက်ဆွေးနွေးရန်ပါရှိပြီး ချိန်းဆိုသော ရုံးသို့မပျက်မကွက်လာရောက်ရန် ပေးပို့ထားတာလည်းဖြစ်ပါတယ်။

အခွန်ပေးဆောင်ရန် ထီဝန်းရပ်ကွက်၊ တပ်ကုန်း နဲ့ စီတာပူ စတဲ့ရပ်ကွက်ရုံးတွေမှာ သွားရောက်ပေး ဆောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ပိုင်တစ်နိုင်လုပ်ကိုင်တဲ့ ဆိုင်ခန်းများမှာ တစ်နှစ်စာ ငွေဆယ်သိန်း ပေးဆောင်နေရပြီး  ၊ ပေးဆောင်ခြင်းမရှိရင် ခြိမ်းခြောက်ပြောဆိုမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

ဖြတ်ပိုင်းရရှိသောဆိုင်ရှင်များမှာ အခွန်မပေးဆောင်လျှင်၎င်းတို့ မိသားစုအပေါ်အသက်အန္တရာယ်စိုးရိမ်နေရကြောင်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းရှင်များထံ ဇွန်လ နဲ့ ဒီဇင်ဘာလပိုင်းများတွင် မလိယန်နဲ့ နန်းကွေ့တိုက်နယ် ဟုဆိုကာ နှစ်စဉ် ဆက်ကြေးအခွန်ဖြတ်ပိုင်းများပေးပို့ခြင်း နဲ့  ဖုန်းဆက်အကြောင်းကြားခြင်းတို့ကိုလည်း ပြုလုပ်ကြောင်းသိရပါတယ်။

အလားတူ  ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ဖားကန့်မြို့နယ်အတွင်းက အခွန်မပေးဆောင် တဲ့စျေးဆိုင်များ အနီးတွင် အသံမိုင်းများဖြင့် ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *