

ဒီဇင်ဘာ ၃၊ ဗန်းမော်
ဗန်းမော်မြို့တစ်ဖက်ကမ်း ရွှေလုပ်ကွက်တစ်ချို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက် သေဆုံးသူမရှိသော်လည်း ရွှေဖောင်နှစ်စီးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေဆီကနေ သိရပါတယ်။
မနေ့က ဒီဇင်ဘာ ၂ ရက်နေ့မှာ ဗန်းမော်မြို့ မိုစိန်းကျွန်းနားမှာရှိတဲ့ KIA ထိန်းချုပ်နယ်မြေထဲက ရွှေလုပ်ကွက် မှာတိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
၎င်းနေရာအနီးတစ်ဝိုက်တွင် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း အလားတူ လေကြောင်းတိုက်ခိုက် ခံရမှုကြောင့်ဒေသခံ ၃ ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်ကြောင်းက ဗန်းမော်၊ မံစီ၊ ရွှေကူ စတဲ့မြို့နယ်တွေမှာ မြစ်အတွင်းရွှေတူးဖော်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဝိုင်းမော်-ဗန်းမော် သွားရာလမ်းတစ်လျှောက်က ရွှေလုပ်ကွက်တွေကို KIA ကထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကော်မရှင်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားနေဆဲလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က အဲ့ဒီလမ်းတစ်လျှောက် နမ်ဆန်ယန်၊ကန်တော်ယန်၊ မလိယန်၊ ဒဘတ်ယန် စတဲ့ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားချိန်မှစပြီး ဒေသခံပြည်သူများမှာ သူတို့ရဲ့ ကျေးရွာများတွင် နေထိုင်ခြင်းမရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ KIAက ဒေသခံများရဲ့ လယ်ယာ၊ စိုက်ပျိုးမြေယာများကို စီးပွားရေးလုပ်ငန်းရှင်များထံ အကွက်ရိုက်ရောင်းချကာ ရွှေများ အလွန်အကျွံ တူးဖော်ခဲ့တယ်လို့ သိရပါတယ်။
လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှုကြောင့် ကျေးရွာပျောက်ဆုံးနိုင်မှုကို ယင်းစစ်ဘေးရှောင်ဒေသခံများက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။
