
မေ ၁၉ ၊ ကျေးသီး
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ အပစ်ခတ်ရပ်စဲကြောင်းကြေညာမှုကို ကြိုဆိုတဲ့အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA က အပစ်ခတ်ရပ်စဲဖို့ ကြေညာလိုက်ပါတယ်။
မေလ ၁၇ ရက်နေ့ ရက်စွဲနဲ့ SSPP/SSA က သူရဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီကို ညွှန်ကြားတဲ့စာထဲမှာ RCSS/SSA ရဲ့ အပစ်ခတ်ရပ်စဲဖို့ ကြေညာထားတဲ့ ၁၀ ရက်တာအတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေမလုပ်ဖို့ ၊ ပစ်ခတ်တိုက်ခိုက်မှုတွေကို မလုပ်ဖို့အတွက် ဆိုထားပါတယ်။
မိမိကိုယ်ကို ခုခံကာကွယ်ရေးနဲ့ RCSS/SSA ဘက်က ပစ်ခတ်မှုစတင်မှသာ ပြန်လည်ပစ်ခတ်တိုက်ခိုက်ရမယ်လို့ ဆိုထားပါတယ်။
အပစ်ခတ်ရပ်စဲရေးကြေညာထားတဲ့ မေလ ၁၆ ရက်နေ့ကစလို့ SSPP တပ်တွေအနေနဲ့ ရောက်တဲ့နေရာမှာ ရပ်တန့်ထားပြီး သွားလာလှုပ်ရှားမှုတွေကိုလည်းမလုပ််ဖို့အတွက် ညွှန်ကြားထားပါတယ်။
RCSS/SSA က နီးကပ်လာတဲ့ ရှမ်းတော်လှန်ရေးနေ့ နဲ့ ရှမ်းတိုင်းရင်းသားတို့ရဲ့ ကံကြမ္မာအတွက် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ရည်ရွယ်ပြီး SSPP/SSA တို့ကြား ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲဖို့အတွက် မေလ ၁၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့ဟာ ၂၀၂၃ ခုနှစ်မှာ နိုဝင်ဘာလမှာ အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှုတွေရရှိခဲ့ပြီးနောက် ရှမ်းပြည်တောင်ပိုင်းနေရာတချို့မှာ ပစ်ခတ်မှုတွေဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ဆက်တိုက်ရှိခဲ့တာလည်းဖြစ်ပါတယ်။