SNA ထိန်းချုပ်နယ်မြေထဲ ပထမဆုံးအကြိမ်  ချင်းတိုင်းရင်းသားများ​ဒေသလုံးဆိုင်ရာ ခရစ္စမတ်ပွဲတော်ပြုလုပ် 

ဒီဇင်ဘာ ၂၆ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် ယက်ဖကျေးရွာအုပ်စု မန်လီကျေးရွာမှာ  ချင်းတိုင်းရင်းသားများ ဒေသလုံးဆိုင်ရာ ခရစ္စမတ်ပွဲတော်ကို  ဒီဇင်ဘာ (၂၄) ရက်နေ့တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) ရဲ့တပ်မဟာ ၈၉၁ တပ်ရင်း (၄)မှ ပထမဆုံးအကြိမ်အဖြစ် ဦးဆောင် ကျင်းပခဲ့တယ်လို့သိရပါတယ်။

ခရစ္စမတ်ပွဲတော်ပြုလုပ်ပေးရခြင်းရည်ရွယ်ချက်က ဟုမ္မလင်းမြို့နယ်အတွင်း အတူနေဌာနေတိုင်းရင်းသားများ မိမိတို့ ဓလေ့ထုံးစံများကို တရားမျှတပြီး လွတ်လပ်စွာကျင်းပနိုင်ရန်၊ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေး နဲ့ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားကြဖို့  ဖြစ်တယ်လို့ဆိုပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ ဘယ်အခါမှ ပြုလုပ်ခြင်းမရှိခဲ့ဖူးတဲ့ အကြီးဆုံး ခရစ္စမတ် ဖြစ်ပါတယ်။ ဒီဇင်ဘာ (၂၄) ရက် နဲ့ (၂၅ )ရက် နှစ်ည ကျင်းပတာဖြစ်တယ်။ လူထောင်ပိုင်းလောက်တက်ရောက်ကြပါတယ်။ အတူနေတိုင်းရင်းသားတွေ ရိုးရာဓလေ့ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်စေချင်လို့လုပ်တာ” ဟု  ပွဲဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးက ပြောပါတယ်။ 

ပွဲတော်အတွင်း ဒေသခံပြည်သူများနှင့် ဘာသာရေးယုံကြည်သူများ အပါအဝင် လူဦးရေ ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပြီး ခရစ္စမတ်နေ့အထိမ်းအမှတ် ဘာသာရေးအစီအစဉ်များနဲ့ပျော်ပွဲရွှင်ပွဲများပါဝင်တယ်လို့ဆိုပါတယ်။ 

ခရစ္စမတ်ပွဲတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ယေရှုခရစ်တော် ဖွားမြင်တဲ့နေ့ကို အထိမ်းမှတ်ပြုတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်စဥ် ဒီဇင်ဘာလ (၂၅) ရက်နေ့မှာကျင်းပပြုလုပ်ကြတာလည်းဖြစ်ပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်ကြတဲ့ ရှမ်းနီတိုင်းရင်းသားများနဲ့ဗမာတိုင်းရင်းသားအချို့အပြင်  ခရစ်ယာန်ဘာသာကိုအဓိက ကိုးကွယ်ကြတဲ့  ချင်း ၊​နာဂ တိုင်းရင်းသားများလည်းနေထိုင်ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *