TNLA လွှဲပြောင်းပေးခဲ့တဲ့ မိုးကုတ် နဲ့ မိုးမိတ်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ 

ဒီဇင်ဘာ ၂၆ ၊ မိုးကုတ်

TNLA က စစ်တပ်ထံပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့နယ်တွေအတွင်းမှာ တစ်လအတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ NUG  ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

NUG ရဲ့ PDF တပ်တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲကြီး (၆) ကြိမ် နှင့် ထိတွေ့ တိုက်ပွဲငယ် (၉) ကြိမ် ဖြစ်ပွားခဲ့ပြီး စိုးမိုးကုန်း (၁) ခု ၊ ကျေးရွာ (၁)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မိုးကုတ်မြို့ကို စစ်တပ်က ပြန်လည်ရယူပြီးတဲ့နောက် NUG  က အုပ်ချုပ်မှု ၊ ကွက်ကဲမှု နဲ့ ထောက်ပံ့မှုတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ 

NUG က TNLA. လွဲပြောင်းပေးလိုက်တဲ့ မိုးကုတ်မြို့နယ်ကို ဆက်လက်ထိန်းနိုင်ဖို့ နိုဝင်ဘာ ၆ ရက်မှာ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းပါတယ်။

မိုးကုတ်မြို့အတွင်းမှာ တိုက်ပွဲတွေဟာ ဖြစ်ပွားခြင်းမရှိပေမယ့် ဒရုန့်ဗုံးတွေကျရောက်ပေါက်ကွဲမှုတွေ မကြာခဏရှိနေပြီး မြို့နယ်အတွင်းက ကျေးရွာတချို့မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့​ဒေသခံတွေက ဆိုပါတယ်။ 

မိုးကုတ်မြို့ကို TNLA က လွှဲပြောင်းပေးပြီး တစ်လနီးပါးအကြာမှာပဲ စစ်ဘေးရှောင်တချို့တွေဟာ မိုးကုတ်မြို့အတွင်းကို ဝင်ရောက်နေကြပြီလို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ 

“ မြို့ထဲမှာတော့ အသံတွေသိပ်မကြားရတော့ဘူး။ အနောက်ပိုင်းမှာနဲ့ တောင်ကုန်းတွေမှာ သေနတ်သံတွေကြားရတယ်။ စစ်ဘေးရှောင်တွေ မိုးကုတ်ကို ပြန်ဝင်နေပြီ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

မိုးကုတ်မြို့အတွင်းမှာ စစ်တပ်က နေရာပြန်လည်ရယူထားပေမယ့် အုပ်ချုပ်ရေးယန္တရား အပါအဝင် တခြားသော ဝန်ဆောင်မှုလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ခြင်းမရှိကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *