
အောက်တိုဘာ ၁၇ ၊ သီပေါ
ရှမ်းပြည်မြောက်ပိုင်းက ရှေးဟောင်းမြို့တစ်ခုဖြစ်တဲ့ သီပေါမြို့ကို စစ်တပ်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
သီပေါမြို့ရှိ စစ်တပ်ရဲ့ ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံကို TNLA ၂၀၁၇ စစ်ဆင်ရေး ဒုတိယအပိုင်းဖြစ်တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
တစ်နှစ်ပြည့်တဲ့အချိန်မှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်နဲ့ မြို့ကိုပြန်လည်ထိန်းချုပ်လာခဲ့တာလည်းဖြစ်ပါတယ်။
“ မြောက်ပိုင်းမှာ ဘယ်အဖွဲ့မှ တိုက်နေမဘူးဆိုတော့ သူတို့တစ်ဖွဲ့တည်းနဲ့ဆိုရင်တော့မဖြစ်လောက်ဘူး။ သီပေါမြို့ကိုလည်း တက်လုံးပြီးသွားပြီလို့သိရတယ်” လို့ ရှမ်းမြောက်စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စိုက်ပျိုးရေးရုံး၊ သီပေါဟိုတယ် ၊ မြေစားရင်းရုံးနဲ့ အကျဉ်းထောင် နေရာတွေမီးလောင်ခဲ့သလို အရပ်သားနေအိမ်တချို့လည်း မီးလောင်ခဲ့ကြောင်း သိရပါတယ်။
မီးလောင်ခဲ့တဲ့ဖြစ်ရပ်အပေါ် TNLA တပ်ကို ဝေဖန်မှုများစွာရှိခဲ့ပြီး TNLA ကတော့ တစ်စုံတစ်ရာတန့်ပြန်ခြင်းမရှိပေ။
ဒီနေ့မနက်ပိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်တွေမှာတော့ မြို့အဝင်ဆိုင်းဘုတ်ကနေ မြို့အတွင်း ဝင်ရောက်ခဲ့ပြီး ဒေသခံတချို့ကြိုဆိုမှုတွေကိုလည်း တွေ့မြင်ရပါတယ်။
သီပေါမြို့ကိုထိုးစစ်ဆင်ဖို့အတွက် အောက်တိုဘာလဆန်းပိုင်းမှာ ထိုးစစ်ဆင်ခဲ့ပြီး လဝက်အကြာမှာပဲ မြို့ကိုသိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။
မြို့သိမ်းပိုက်ခံရမှုနဲ့ ပတ်သက်ပြီး TNLA နှင့် စစ်တပ်တို့က တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးပေ။
ရှမ်းမြောက်က TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်တပ်က ပြန်လည်သိမ်းယူခဲ့တဲ့ မြို့ ၃ ခုအထိရှိလာပြီး မိုးကုတ်၊ မိုးမိတ် အပါအဝင် နမ္မတူ ၊ နမ့်ဆန်မြို့နယ်တွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။