ဗန်းမောက်မြို့နယ်က  စစ်ဘေးရှောင်တစ်ထောင်ကျော် အကူအညီလိုအပ်နေ 

အောက်တိုဘာ ၁၇ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း​ ဗန်းမောက်မြို့နယ်အတွင်းမှာ မြို့သိမ်းတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ 

နိုင်ငံတော်ကရော၊ တိုင်းကရော အခုထိ ဘယ်သူမှဘာမှ လာမပေးဘူးဖြစ်နေတာ ဆေးဝါးတွေ လိုနေတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးကပြောပါတယ်။ 

စက်တင်ဘာလဝက်ကတည်းက တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ တစ်လပြည့်လာတဲ့အခါမှာ ဆေးဝါး နဲ့ စားသောက်နေထိုင်ရေးအကူအညီတွေလိုအပ်လာနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ဘေးစတင်ရှောင်စဉ်က SNA ၊ ရှမ်းနီသံဃာတော်များနဲ့ စစ်ဘေးရှောင်လက်ခံထားတဲ့ ကျေးရွာများက စားနပ်ရိက္ခာနှင့် ဆေးဝါးကုသများပြုလုပ်ပေးခဲ့ပါတယ်။

သို့ပေမယ့်လည်း စစ်ဘေးရှောင်ဦးရေတိုးများလာတဲ့အတွက်ကြောင့် အကူအညီတွေဟာ မလောက်ငှမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ 

ရှမ်းနီအမျိုးသားညီညွှတ်ရေးအစည်းအရုံး(SNUA) က ဗန်းမောက်မြို့နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေဆဲတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၁၅၀၀ ကျော်ရှိနေပြီး သူတို့တွေအတွက် အကူအညီတွေလိုအပ်တယ်လို့ အောက်တိုဘာလ  ၂ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

စားဝတ်နေရေးအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့အတွက် စစ်ဘေးရှောင်တချို့က ဆွေမျိုးတွေအိမ်မှာနေထိုင်ပြီး ရရာလုပ်ငန်းတွေနဲ့ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ 

တချို့စစ်ဘေးရှောင်တွေကလည်း စားဝတ်နေရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့  ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေဆီ ရွေ့ပြောင်းပြီး အလုပ်လုပ်ကိုင်နေတာလို့ စုံစမ်းသိရပါတယ်။ 

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့်  ခိုပြင်ကျေးရွာမှအိမ်ထောင်စု(၃၀)စု၊ ညောင်သာယာကျေး ရွာမှအိမ်ထောင်စု(၂၁)စုနှင့် ဗန်းမောက်မြို့ပေါ်နေ အိမ်ထောင်စု(၅၀၀)ကျော်တို့က စစ်ဘေးလွတ်ရာကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *