




ဩဂုတ် ၁၈ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား/သူတွေအတွက် သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံးဗလာစာအုပ် မရရှိတာ ၄ နှစ်ကြာမြင့်လာခဲ့ပြီဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် သယ်ဆောင်ရာမှာလည်း ကန့်သတ်မှုတွေခံရပြီး စာအုပ်တွေ မရရှိတာဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးကပြောပြပါတယ်။
“ နိုင်ငံရေးပဋိပက္ခစဖြစ်တဲ့နှစ်ကစလို့ ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်သယ်ဆောင်နိုင်ခြင်းမရှိပါဘူး။ မရတဲ့ခုနှစ်နဲ့ဆိုရင် လေးနှစ်မြောက်ဖြစ်ပြီ ။ ကျွန်တော်တို့ ဒီစာအုပ်တွေ ဟိုးတုန်းက အခြေအနေအကောင်းတုန်းက သယ်ဆောင်ထားတဲ့ စာအုပ်တွေ ။လက်ကျန်လေးတွေရှိလို စုစည်းပြီးတော့ အခြေခံပညာကျောင်းမှာရှိတဲ့ ကလေးတွေကို ယနေ့မှ ဖြန့်ဝေပေးရတာ” လို့ သူကပြောပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့က ဗန်းမောက်မြို့နယ် အနောက်ခြမ်းဒေသမှာ ကျောင်းဆရာ/မတွေရဲ့ လစာကြွေးကျန်တွေကို ပြန်လည်ပေးအပ်တာ နဲ့ ကျောင်းသုံးဗလာစာအုပ် ၊ သင်ရိုးညွှန်းတမ်းစာအုပ်တွေ ပေးအပ်မှုများကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စာအုပ်တွေဟာလည်း လက်ရှိအချိန်ထိ သယ်ဆောင်နိုင်ခြင်းမရှိသေးတာကြောင့် မြို့နယ်အတွင်းက စာသင်ကျောင်းတွေမှာထားရှိထားတဲ့ လက်ကျန်တွေကို စုစည်းပြီး ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား/သူများအတွက် ဦးစားပေးကာ ဖြန့်ဝေတာလို့လည်းသိရပါတယ်။
“ ဒီဒေသမှာ ပြန်လည်စုစည်းပြီးတော့ ဖြန့်ဝေပေးမှာ၊ အသစ်သယ်ဆောင်ထားတာမဟုတ်ပါဘူး” လို့ ပညာရေးမှူးတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း အခုပညာသင်နှစ်မှာ ကျောင်းပေါင်း (၆၃) ကျောင်းဖွင့်လှစ်ထားပြီး ကျောင်းသားဦးရေ ၁၀၃၂၇ ဦး ပညာသင်ကြားနေတယ်လို့သိရပါတယ်။