ဗန်းမောက်လမ်းပိုင်း ပိတ်ထားတာကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း ကုန်စျေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာ 

အောက်တိုဘာ ၃ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းအထက်ပိုင်းက ဗန်းမောက်မြို့ကို ဆက်သွယ်ထားတဲ့လမ်းပိုင်းများအားလုံး ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီးလဝက်အကြာမှာ ဟုမ္မလင်းမြို့မှာ ကုန်စျေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

စက်တင်ဘာ ၁၆ ရက်နေ့မှာ ဗန်းမောက်မြို့လမ်းပိုင်းအားလုံးကို NUG ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေက ပိတ်ပင်လိုက်ပြီးတဲ့နောက် ဗန်းမောက်မြို့နယ်သို့ ကုန်စည်စီးဆင်းမှုတွေရပ်တန့်သွားခဲ့တာလည်းဖြစ်ပါတယ်။ 

မနေ့က ဈေးထဲ ဝင်ခဲ့တာ မေးခဲ့တာ လမ်းကြုံရင်း ၊ တစ်ပိဿာ ၆၀၀၀၀ တဲ့ ခရမ်းချဉ်သီး၊ တခြားကုန်တွေလည်း အဆမတန်ပဲ စျေးတွေမြင့်နေတာ၊ ဒီဘက်ကို အဝင်မရှိတော့ဘူးလေ။ ဗန်းမောက်မှာတိုက်ပွဲဖြစ်ပြီးလမ်းပိတ်ထားလို့” လို့ နမ့်တောဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်မြို့နယ်ဟာ ဟုမ္မလင်းမြို့နယ်အတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်ရရှိရေးအတွက် အရေးပါတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့အနောက်ခြမ်းဒေသရှိ  ရွှေတော်ဆိပ်ကမ်းကနေ ဟုမ္မလင်းမြို့နယ်ထဲက ဘိုကုန်းကျေးရွာကို စက်လှေတွေနဲ့ ကုန်စည်၊စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်တွေကို တင်ပို့နေတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာဗန်းမောက်မြို့အတွက် လမ်းပိုင်းတွေပိတ်ထားသလို တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာကြောင့် ကုန်စည်စီးဆင်းမှုတွေရပ်တန့်နေတာလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့အတွက် လိုအပ်တဲ့ ကုန်စည်တွေကို ဗန်းမောက်-ဟုမ္မလင်းလမ်းပိုင်းနဲ့ မန္တလေး-ဟုမ္မလင်း လေကြောင်းလိုင်းတွေကို အဓိကအသုံးပြုနေရပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်တွေကို  လေကြောင်းလိုင်းကနေတဆင့် သယ်ယူမှုတွေရှိနေပေမယ့်လည်း သယ်ယူစရိတ်က ပုံမှန်ထက် ၁၀ ဆနီးပါးမြင့်တက်နေတာကြောင့် ကုန်စည်အားလုံးမသယ်ယူနိုင်တဲ့အခြေအနေတစ်ရပ်လည်းဖြစ်ပါတယ်။ 

စက်တင်ဘာလအတွင်းမှာလည်း မန္တလေး-ဟုမ္မလင်း လေကြောင်းလိုင်းတွေဟာ ယခင်လို နေ့စဉ်ပြေးဆွဲနိုင်ခြင်းမရှိတော့သလို  တစ်ပတ်သုံးကြိမ်သာ သွားလာပြေးဆွဲပြီး ကုန်ပစ္စည်းတင်လေယာဉ် Crago တွေလည်း တစ်ပတ်သုံးကြိမ်သာ ထွက်တော့တဲ့အနေအထားဖြစ်လာတယ်လို့ စုံစမ်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *