ဗန်းမော်မြို့ရှိ လေယာဉ်ကွင်းနှင့် အမတ ၃၆၆ ကို စစ်တပ်ပြန်လည်ထိန်းချုပ် 

ဩဂုတ် ၁၃ ၊ ဗန်းမော်

ဗန်းမော်မြို့ရဲ့ လေဆိပ်နဲ့ အမြောက်တပ် ( အမတ ၃၆၆ ) နဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရတ) တပ်တွေစခန်း နေရာတွေကို စစ်တပ်က ဩဂုတ်လ ၁၁ ရက်နေ့က ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။ 

စစ်ကော်မရှင်ရဲ့သတင်းတွေကို ထုတ်ပြန်နေတဲ့ ချန်နယ်တွေမှာလည်း ဗန်းမော်လေဆိပ် နဲ့ (အမတ) တပ်အတွင်း ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို ဖြန့်ဝေထားပါတယ်။

ပြောရမယ်ဆိုရင်တော့ ဗန်းမော်ရဲစခန်းလိုမျိုးတောင် ဟိုဘက်(KIA+PDF) မထိန်းချုပ်ထားနိုင်ဘူးလေ။ နောက်ပိုင်းမှာတော့ စစ်သင်္ဘောတွေ တက်သွားပြီးတဲ့နောက်မှာ  ပြန်ရတဲ့ဟာတွေကတော့ ယုံကြည်ရပါတယ်” လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဗန်းမော်မြို့ကို စစ်တပ်က မကြာခင်ပြန်လည်ထိန်းချုပ်နိုင်မည့် အခြေအနေတစ်ရပ်လည်းရှိနေတယ်လို့ သူကသုံးသပ်ပါတယ်။ 

စစ်တပ်က ဧရာဝတီမြစ်ရေတက်ချိန် ဇူလိုင်လအတွင်းမှာ မန္တလေးမြို့ကနေ ဗန်းမော်မြို့အထိ စစ်ကူတပ်သားအပါအဝင် လက်နက်ခဲယမ်းရိက္ခာတွေကို ရေကြောင်းအသုံးပြုပြီးပေးပို့ခဲ့တာဖြစ်ပါတယ်။ 

စစ်ကူတွေရောက်ရှိပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ဗန်းမော်မြို့ရဲ့နေရာတချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်တာဖြစ်ပါတယ်။ 

KIA ဘက်ကလည်း စစ်တပ်ရဲ့ သာလွန်တဲ့ နည်းပညာတွေ နဲ့ ဒရုန်းတွေကြောင့် ထိန်းချုပ်ထားတဲ့ နေရာကနေ ဆုတ်ခွာရတဲ့အကြောင်း ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။ 

၂၀၂၄ ခုနှစ် မတ်လမှစလို့ ဗန်းမော်ခရိုင်အတွင်းက မြို့နယ်တွေကို ကချင်လွတ်မြောက်ရေးတပ် KIAနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီး ဒီဇင်ဘာလမှာ  ဗန်းမော်မြို့ပေါ်ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပါတယ်။ 

ဗန်းမော်မြို့ရဲ့ လေဆိပ်အပါအဝင် အမြောက်တပ် ၃၆၆ ၊ ခလရ ၂၃၆  တပ်စခန်းတွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ KIA+PDF ပူးပေါင်းတပ်တွေသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဗန်းမော်မြို့မှာ စကခ ၂၁ ၊  အမြောက်တပ် ၊ခြေလျင် ၊ ခြေမြန် တပ်တွေ အပါအဝင် လက်ရုံးတပ်များ စုစုပေါင်း တပ် ၁၂ တပ် အခြေချထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *