


အောက်တိုဘာ ၂၁၊ မိုးကုတ်
မိုးကုတ်မြို့အရှေ့ပိုင်းရှိ ရှမ်းကျောင်းအနီးကို စစ်တပ်က လေကြောင်းကနေ ဒီနေ့နေ့လည် ၃ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ယမ်းအနံ့ကရွာထိတောင်ရနေတယ်။ဂျက်ဖိုက်တာကြီးနဲ့ နှစ်ချက်လာချသွားတာ။ အိမ်တောင်တော်တော်တုန်သွားတယ်။ အရှေ့ရွာဘက်က ရှမ်းကျောင်းနားလို့ပြောနေကြတယ်။ အသံကလည်းတော်တော်ကြီးကိုကျယ်တယ်” လို့ မိုးကုတ်အရှေ့ပိုင်း ဒေသခံတစ်ဦးကပြောပါတယ်။
လေကြောင်းတိုက်မှုကြောင့် ရှမ်းကျောင်းအနီးက ဖူဆယ်ဘောလုံးကွင်းထိမှန်ခဲ့ပြီး ဘောလုံးကစားနေတဲ့ကလေးတွေထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦးသတင်းသိရပါတယ်။
ထိခိုက်သေဆုံးမှုစာရင်းများကို ဆက်လက်စုံစမ်းနေဆြဖြစ်ပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်းရပ် ကျောက်ဖားကျေးရွာမှာ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း (၂၅၀)ဗုံးနဲ့ကြဲချတိုက်ခိုက်ခဲ့စဉ်အတွင်း ကြက်မွေးမြူရေးခြံပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
စစ်တပ်က သီပေါမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် TNLA ထိန်းချုပ်ထားဆဲမြို့တွေဖြစ်တဲ့ မိုးကုတ်၊ နမ့်ဆန် ၊ နမ္မတူ ၊ မိုင်းငေါ့ ၊ မိုးမိတ် မြို့တို့ကို လေကြောင်းကနေ ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်လာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်က ဖော့တော လမ်းခွဲနေရာကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသလို ၊ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာများကိုလည်း ထိန်းချုပ်ထားနေပြီဖြစ်ပါတယ်။
အောက်တိုဘာအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ (၄၁) ဦးရှိထားပြီး (၄၄) ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ TNLA ရဲ့ စာရင်းတွေအရ သိရပါတယ်။
