မြေရှားသတ္ထု ရရှိရေး အိန္ဒိယ နဲ့ KIA တို့ ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာဖော်ပြ

စက်တင်ဘာ ၁၁ ၊ နယူးဒေလီ

အိန္ဒိယ နဲ့ ကချင်လွတ်လပ်ရေးတပ် KIA တို့ကြား မြေရှားသတ္ထုအတွက် တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ အိန္ဒိယသတင်းစာ သုံးခုထက်မနည်း ဖော်ပြလာကြပါတယ်။ 

တစ်ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္ထုလိုအပ်မှု ကွင်းဆက်တွေကို လွှမ်းမိုးထားတဲ့ တရုတ်နိုင်ငံအပေါ် မှီခိုနေရတာကို လျော့ချနိုင်ဖို့ တခြားနည်းလမ်းရှာဖွေနေတဲ့ အိန္ဒိယနိုင်ငံဟာ KIA ထိန်းချုပ်နယ်မြေထဲမှာ သတ္ထုတူးဖော်ရေး လိုလားနေတယ်လို့ ရိုက်တာသတင်းကိုကိုးကားပြီး အိန္ဒိယသတင်းတွေက ဖော်ပြကြပါတယ်။ 

အိန္ဒိယနိုင်ငံ​သတ္ထုတွင်း ဝန်ကြီးဌာနဟာ KIA ထိန်းချုပ်ထားတဲ့ ဒေသက မြေရှားနမူနာများကို စုဆောင်းပြီး ဓာတ်ခွဲခန်းတွေကိုပို့ဆောင်ဖို့အတွက် အစိုးရနဲ ပုဂ္ဂလိကပိုင်တို့ရဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ 

အစိုးရပိုင်ကုမ္ပဏီဖြစ်တဲ့ Indian Rare Earths Limited (IREL) ၊ Midwest Advanced Materials နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေပါဝင်တယ်လို့ဆိုပါတယ်။ 

အဓိကရည်ရွယ်ချက်က အိန္ဒိယ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ဖို့ဖြစ်ပြီး သတ္ထုပါဝင်နှုန်း လုံလောက်မှုရှိမရှိကို စစ်ဆေးဖို့ဖြစ်တယ်လို့ဆိုပါတယ်။ 

ဒီလို လက်နက်ကိုင်တပ်ဖွဲ့နဲ့ တွေ့ဆုံမှုဟာ အိန္ဒိယရဲ့ ပုံမှန်မဟုတ်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပြီး အိန္ဒိယကို အများအပြားတင်ပို့နိုင်ခြေရှိမရှိကိုလည်း လေ့လာဆန်းစစ်ဖို့ သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ 

“ အိန္ဒိယအစိုးရက ဒီမြေရှားတွေကို မြန်မာကနေ တအားလိုချင်နေတာ၊ မြေရှားက အိန္ဒိယအတွက်လည်း အရေးကြီးတယ်။  မိုဘိုင်းဖုန်း၊ ကာကွယ်ရေးနည်းပညာ၊ ဒစ်ဂျစ်တယ်နည်းပညာ စသည်တို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါတယ်” လို့ အိန္ဒိယနိုင်ငံက နယ်စပ်ဒေသအရေးလေ့လာနေတဲ့ စာရေးဆရာတစ်ဦးက မှတ်ချက်ပြုပါတယ်။ 

KIA ဘက်က အိန္ဒိယနိုင်ငံအတွက် မြေရှားသတ္ထုများကို ရှာဖွေစုဆောင်းမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

မြေရှားသတ္ထုအရေး ဩဂုတ်လကုန်ပိုင်းက တရုတ်နိုင်ငံမှာ စစ်ကော်မရှင် ဥက္ကဌ နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *