


အောက်တိုဘာ ၁၆ ၊ နေပြည်တော်
ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေကို အောက်တို ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညသန်းခေါင်အထိ မဲဆွယ်စည်းရုံးခွင့်ရရှိမှာပဲဖြစ်ပါတယ်။
လွတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းအတွက် ပြဌာန်းထားတဲ့အတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
ရွေးကောက်ပွဲတွေအတွက် စာရင်းပေးသွင်းထားတဲ့ ကိုယ်စားလှယ်ပေါင်း ငါးထောင်ကျော်ရှိနေပြီး ဒီဇင်ဘာလမှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာပါ။
ရွေးကောက်ပွဲကျင်းပကာလမှာဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီးတော့ လုံခြုံရေးကောင်းမွန်အောင်ဆောင်ရွက်ထားတယ်လို့ စစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA ၁၀ နှစ်ပြည့်အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကို မြို့နယ်အားလုံးမှာကျင်းပနိုင်မှာမဟုတ်ပေပေမယ့်လည်း လွတ်လပ်ပြီးတရားမျှတမှုတွေရှိမှာဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုထားပါတယ်။
“ Free and Fair ဖြစ်တဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပထမအကြိမ် ၁၀၂ မြို့နယ်ပေါ့၊ ဒုတိယအကြိမ်မှာ ၁၀၀ ကျွန်တော်တို့လုပ်ပါမယ်။ ကျန်တဲ့မြို့နယ်တွေကတော့ တတိယအကြိမ်မှာလုပ်ပါမယ်။ ရာနှုန်းပြည့်မရဘူးဆိုတာကတော့ ကြိုတင်ကျွန်တော်ဝန်ခံထားပါတယ်” လို့ သူက ဆိုပါတယ်။
ရွေးကောက်ပွဲပါတီတွေအနေနဲ့လည်း မြေပြင်မှာ လုံခြုံရေးစိုးရိမ်မှုတွေရှိနေဆဲဖြစ်ပြီး အွန်လိုင်းကနေ အဓိကမဲဆွယ်စည်းရုံးရေးတွေကိုသာ ဆောင်ရွက်ကြမယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာတော့ ရွေးကောက်ပွဲအတွက် မဲစာရင်းကြေညာထားပြီး စိတ်ဝင်စားမှုနည်းပါးနေသလို မဲစာရင်းမှားယွင်းမှုများ ၊ စာရင်းကျန်ရှိမှုများရှိနေတယ်လို့ ရှမ်းနီပါတီတွေဆီကနေ သိရပါတယ်။