လေယာဉ်ရက်မှန်ပြေးဆွဲခြင်းမရှိသော်လည်း  ဟုမ္မလင်း လေယာဉ်လက်မှတ်စျေးနှုန်းများ မြင့်တက်လာ 

အောက်တိုဘာ ၁၇ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ ခရီးသွားလာမှုတွေကို အဓိကမှီခိုနေရတဲ့ လေကြောင်းလိုင်းတွေဟာ ရက်မှန်ပြေးဆွဲခြင်းမရှိတဲ့အပြင်  လက်မှတ်စျေးနှုန်းတွေလည်းမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေး-ဟုမ္မလင်းသို့ လက်မှတ်နှုန်းထား ကျပ်ငါးသိန်းကျော်ဝန်ကျင်သာရှိနေပြီး  ဒီနေ့ကစလို့  ကျပ်ခြောက်သိန်းကျော်ခဲ့ပြီလို့ သိရပါတယ်။ 

လေယာဉ်လက်မှတ်စျေးနှုန်းများ မြင့်တက်လာပေမယ့်လည်း လာမယ့် ဒီဇင်ဘာလမှသာ မန္တလေး-ဟုမ္မလင်းအတွက် လက်မှတ်တွေရရှိတော့မှာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ 

လက်မှတ်တွေက မရတော့ဘူး။ ဒီကြားထဲ စျေးတွေကပြန်တက်လာတယ်၊ အပြင်ပေါက်စျေးက ၁၀ သိန်းကပ်တယ်။ သူတို့ အေးဂျင့်တွေမှာတော့ ၆ သိန်းကျော်လို့အော်နေတယ်” လို့ ဟုမ္မလင်း ဒေသခံတစ်ဦးက ပြောပါတယ်။ 

လက်ရှိမှာ မန္တလေးမှ ဟုမ္မလင်းမြို့သို့ လေကြောင်းလိုင်းနဲ့ ခရီးသွားမယ့်ခရီးအမြောက်အများဟာ မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ တည်းခိုနေရတယ်လို့ သိရပါတယ်။ 

တချို့လည်း စားဝတ်နေရေးအတွက် အခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။ 

မန္တလေး- ဟုမ္မလင်းမြို့ကို လွန်ခဲ့တဲ့ လအနည်းငယ်အထိ တစ်ရက်တာအတွက် လေယာဉ် ၃ စီးမှ ၇ စီးအထိ ပြေးဆွဲမှုတွေရှိခဲ့ပြီးနောက် လက်ရှိမှာ တစ်ပတ် ၂ ကြိမ်မှ ၄ ကြိမ် အထိသာပြေးဆွဲတော့တာဖြစ်ပါတယ်။

ဟုမ္မလင်း-မန္တလေး လေယာဉ်လက်မှတ်နှုန်းထားတွေဟာလည်း တစ်နှစ်အတွင်းမှာ ကျပ်သုံးသိန်းခွဲကနေ ကျပ်ခြောက်သိန်းအထိ စံချိန်တင်မြင့်တက်မှုလည်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

ဟုမ္မလင်းမြို့အတွက် ခရီးသွားလာမှုနဲ့  ကုန်စည်စီးဆင်းမှုတွေအတွက် ကုန်းလမ်းပိုင်းတွေမှာ  တိုက်ပွဲကြောင့် လုံးဝရပ်တန့်နေချိန်မှာ လေကြောင်းလိုင်းများလည်း အကန့်အသတ်ရှိလာပြီး ကုန်စျေးနှုန်းတွေကြီးမြင့် လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

ကုန်စည်စီးဆင်းမှုတွေကို ဗန်းမောက်မြို့နယ်ကနေအဓိကအားထားခဲ့ရပေမယ့် လက်ရှိတိုက်ပွဲတွေကြောင့် ရပ်တန့်နေတာပါ။

ပြည်တွင်းလေကြောင်းလိုင်းကို ART 72-600 အမျိုးအစားတွေနဲ့ အဓိကထားပျံသန်းပြီး ခရီးသည် ၇၀ ဝန်းကျင်သယ်ဆောင်နိုင်တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *