


ဇွန် ၁၉ ၊ သီပေါ
ဧပြီလကနေစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ဦးနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြတဲ့ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းတပ် SSPP/SSA တို့နှစ်ဖွဲ့အကြား ပဋိပက္ခတွေဖြေရှင်းဖို့ အဆင့်မြင့်ဆက်သွယ်ညှိနှိုင်းရေးယန္တရားအဖွဲ့တစ်ခုကို ဇွန်လ(၁၇)ရက်နေ့တွင် ဖွဲ့စည်းသတ်မှတ်လိုက်ကြောင်း The KoKaung သတင်းစဉ်က ထုတ်ပြန်လာပါတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP /SSA) တို့နှစ်ဖွဲ့ဟာ အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ(၁၇)ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီခရိုင် သံလွင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီနေ့မှာပဲ ဒီယန္တရားအဖွဲ့ကို ချက်ချင်းဖွဲ့ခဲ့တာလည်း ဖြစ်ပါတယ်။
ဆွေးနွေးပွဲကို ‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA)က ဦးဆောင်ကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်း ဆိုထားပါတယ်။
ဒီယန္တရားဟာ နှစ်ဦးနှစ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေဖို့နဲ့ အပြန်အလှန်ဆက်သွယ်မှုကို မြင့်တင်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ယခုဖြစ်ပေါ်နေတဲ့ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့အကြား အမြင်သဘောထားကွဲလွဲမှုများကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြဖို့ သဘောတူညီခဲ့ကြသလို လတ်တလောကိစ္စရပ်များနဲ့ပတ်သက်ပြီး လေးလေးနက်နက် ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
MNDAA ဟာဘယ်တော်လှန်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့မဆို ပဋိပက္ခမဖြစ်ချင်သလို ဖိနှိပ်ချင်တဲ့ စိတ်ဆန္ဒလည်းမရှိခဲ့ပါဘူးဟု MNDAA ရဲ့ ဒုတိယစစ်ဦးစီးမှူးက ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။
၎င်းတို့ လက်နက်ကိုင်နှစ်ဖွဲ့ဟာ ဆယ်စုနှစ်ကြာမဟာမိတ်အဖွဲ့အစည်းများဖြစ်ကြသလို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှစပြီး SSPP အုပ်ချုပ်ရေးနယ်မြေအတွင်းကို MNDAA တပ်ဖွဲ့များကဝင်ရောက်ခဲ့ကာ နယ်မြေအငြင်းပွားမှုကိစ္စရပ်များရူပ်ထွေးလာတာလည်း ဖြစ်ပါတယ်။
မကြာသေးမီယခုဇွန်လအစမှာလည်း လားရိူးမြို့နယ်အတွင်းမှာ လောလောလတ်လတ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပါသေးတယ်။
MNDAA ဟာ လားရှိူးမြို့နယ် နဲ့ သီပေါမြို့နယ်အတွင်းက SSPP/SSA ရဲ့ တပ်စခန်းနဲ့ စိုးမိုးနယ်မြေတွေအတွင်းကို ဝင်ရောက်ကာ ထိတွေ့တိုက်ပွဲတွေကြောင့် ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အခြေအနေတစ်ရပ်လည်းဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။