အင်းတော်ကြီးဒေသက  KIA စိုးမိုးနယ်ထဲမှာ စစ်သားစုဆောင်းမှုတွေကြောင့် သီတင်းကျွတ်ဓလေ့များ မပြုလုပ်နိုင်တော့ဟုဆို 

အောက်တိုဘာ ၃ ၊ အင်းတော်ကြီး

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အင်းအရှေ့ကမ်းဒေသ နဲ့ အင်းမြှီးဒေသက ကျေးရွာတွေအတွင်းမှာ   KIA+ PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ စစ်သားစုဆောင်းရေးတင်းကြပ်မှုများကြောင့်  သီတင်းကျွတ်အခါဓလေ့နဲ့ ပွဲတော်တွေကို မပြုလုပ်နိုင်တော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။ 

နှစ်ပေါင်းအတော်ကြာကြာ သီတင်းကျွတ်မှာ အမြဲတမ်း ရိုးရာအစဉ်အလာအတိုင်း လုပ်နေကျဖြစ်တဲ့ ဆီမီးထွန်းတာမှအစ ဥပုသ်သည်၊အပျိုလူပျိုတွေကို ထမင်းကျွေးတာမှအဆုံး မလုပ်တော့ဘူးတဲ့ လူငယ်တွေစုစုဝေးဝေးနေတာမကောင်းဘူးလို့ ရွာလူကြီးကဆော်သြထားတယ်” ဟု အင်းအရှေ့ကမ်း ကျေးရွာတစ်ရွာရှိ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။ 

သီတင်းကျွတ်ကာလမှာ သက်ကြီးရွယ်အိုတွေကတော့ ဥပုဒ်သီလဆောက်ယူတာတွကို ပြုလုပ်လို့ရနိုင်ပြီး လူငယ်အမျိုးသား/အမျိုးသမီး စုဝေးတာ ၊ ကျေးရွာလမ်းမတွေပေါ်သွားလာခြင်းများကို မပြုလုပ်ပဲ မိမိနေအိမ်အတွင်းသာနေထိုင်ကြဖို့ ရပ်ရွာလူကြီးများမှ ဆော်သြထားတယ်လို့ သိရပါတယ်။

ဒီအတိုင်းတောင် လမ်းပေါ်တွေ့ရင်တွေ့သလို ဆွဲဆွဲခေါ်သွားပါတယ်ဆို အုပ်စုလိုက်နေနေကျရင်တော့ ပိုဆွဲခေါ်ခံရနိုင်တယ်လေ ကျေးရွာလူကြီးကတော့ ကာကွယ်တဲ့အနေနဲ့ ဒီလိုသတိပေးထားတာပါ ပွဲချိန်လည်းကိုယ့်အိမ်ကိုယ်ပဲနေကြဖို့ပေါ့” ဟု ကျေးရွာသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် အင်းတော်ကြီးဒေသအတွင်း  နှစ်စဉ်နှစ်တိုင်းမှာ ကျေးရွာအချင်းချင်း ကျောင်းကန်တော့တဲ့ရိုးရာဓလေ့၊  အစဉ်အလာမပျက် ပန်းကန်တော့ ပေးဝေခြင်းဓလေ့တွေကိုလည်း အခုနှစ်မှာပြုလုပ်နိုင်ဖို့မသေချာကြောင်း ဒေသခံများထံမှ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ တိုက်ပွဲများငြိမ်သက်နေပေမယ့် KIA+PDF ကစစ်သားစုဆောင်းမှုတွေရှိနေပြီး ကျေးရွာတွေအတွင်းရှိ ဖွင့်လှစ်ခြင်းမရှိတဲ့စာသင်ကျောင်းများနဲ့  နေအိမ်တစ်ချို့မှာ ဝင်ရောက်နေထိုင်ခြင်းများရှိနေကြောင်း သိရပါတယ်။

KIA က စစ်သားစုဆောင်းမှုတွေကို အင်းတော်ကြီးဒေသနဲ့ အနီးက ဖားကန့်မြို့နယ်မှာလည်း ပြင်းပြင်းထန်ထန်ပြုလုပ်နေသလို ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာတွေမှာလည်းပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *