ကလေးနှင့် တမူး မြို့နယ်မှာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့

ဖေဖော်ဝါရီ ၆ ၊ ကလေး 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် တမူးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထိပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀ နီးပါးရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

ဇန်နဝါရီလ ၁၆ ရက်နေ့မှာ တမူးမြို့နယ် ခမ်းပတ်မြို့နှင့် သနန်ကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ နှစ်ဆယ်ဝန်းကျင်ရှိခဲ့တယ်လို့ဆိုပါတယ်။ 

နောက်ထပ် ၁၈ ရက်နေ့မှာ ကလေးမြို့နယ် စော်ဘွားရေရှင်ကျေးရွာကို  ထပ်မံပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့  ၃ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ခါမ်းပါတ်မြို့နဲ့ ကပ်လျက်မှာရှိတဲ့ ကလေးမြို့နယ်တောင်ပိုင်းထဲက စော်ဘွားရေရှင်ရွာကို လေကြောင်းဗုံးကြဲခဲ့သေးတယ်။ အဲ့ဒီမှာလည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်(၃)ဦးကျခဲ့သေးတယ်။ ထိခိုက်ဒဏ်ရာရသူလည်း ၁၀ယောက်ကျော်တယ်။” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ 

ဇန်နဝါရီလ ၃၁ ရက်နေ့မှာပဲ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားကျေးရွာနှင့် ကုက္ကိုကျေးရွာ တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တင်သားကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာလည်း  အသက် ၁၈ နှစ်အောက် ကလေးငယ် ၅ ဦး အပါအဝင် (၉) ဦး သေဆုံးခဲ့တယ်လို့ NUG က ဆိုပါတယ်။ 

ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ ကလေးမြို့နယ် တောင်ပိုင်း တင်သားကျေးရွာကို ဗုံးကြဲပစ်ခတ်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းဝန်းထဲ ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ထပ်တစ်လုံး စစ်ဘေးရှောင်တွေနေတဲ့ တဲအပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ 

NUG က စစ်ကိုင်းတိုင်းအတွင်းမှာ ဝန်ကြီးဌာနရုံးတွေဖွင့်လှစ်သွားမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် သိမ်းပိုက်ခံထားရတဲ့မြို့တွေရှိ NUG ရဲ့ ပကဖ ၊ ပလဖ ရုံး အပါအဝင် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်မှုတွေပြုလုပ်လာနေတာလည်းဖြစ်ပါတယ်။ 

ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ တစ်လကျော်တွင်း နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၁၂၅ ဦးရှိပြီး အဲဒီအထဲမှာ ၈၉ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *