ကုန်းလမ်းရေလမ်းပိတ်ထားတဲ့ ဟုမ္မလင်းမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ  ဗန်းမောက်မြို့နယ်ကိုသာ အားထားနေရ 

အောက်တိုဘာ ၂၃ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းက အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းတွေဟာ ဗန်းမောက်မြို့နယ်ကိုသာ အားထားနေရတာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံကုန်သည်များက ဆိုသည်။ 

ဟုမ္မလင်းမြို့နယ်က လိုအပ်တဲ့  စက်သုံးဆီအမျိုးမျိုး ၊ စားသောက်ကုန်ခြောက်တွေဟာ ဗန်းမောက်မြို့နယ်မှတဆင့်ဝယ်ယူနေကြရတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ 

“  ဗန်းမောက်ဘက်ကနေ သယ်ရတော့  ဒီဇယ်နှင့် ဓာတ်ဆီတွေဈေးမြင့်တက်နေတယ်။  ဗန်းမောက် ရွှေတော် နဲ့ နောင်ပတ်ကနေ ဟုမ္မလင်းမြို့နယ် ချောင်းကြီးချောင်းဝ ဘိုကုန်းကျေးရွာ အဲ့ကနေကုန်ခြောက်ပစ္စည်းတွေ  ဒီဇယ်နှင့် ဓာတ်ဆီများကို သယ်ယူနေတယ်” လို့ ကုန်သည်တစ်ဦးကပြောပါတယ်။ 

ဗန်းမောက်မြို့နယ်ကနေ သယ်ယူခဲ့တဲ့ ကုန်ပစ္စည်းတွေကို ဘိုကုန်းကျေးရွာမှ တဆင့် ဟုမ္မလင်းမြို့ ၊ နောင်ပိုအောင်ဒေသ ၊ နမ့်တောဒေသ ၊ ရွှေမှော်ကျေးရွာတွေမှာ ပြန်လည်ဖြန့်ဖြူးနေကြတာလည်းဖြစ်ပါတယ်။ 

အခြေခံစားသောက်ကုန်တွေလည်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ  လက်တလော ကြက်ဥ တစ်လုံး ကျပ် ၁၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၁၅၀၀၀၊ ဆားတစ်ပိဿာ ကျပ် ၅၀၀၀၊ မုန်ညှင်းတစ်စီး ကျပ် ၁၀၀၀၊ စားဆီ တစ်ပိဿာကျပ်  ၂၅၀၀၀ တို့ဖြစ်ပါတယ်။  

လက်ရှိ ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်တွေကို ဗန်းမောက်မြို့နယ်ကအပြင်  လေကြောင်းလိုင်းကနေတဆင့် သယ်ယူမှုတွေရှိနေပေမယ့်လည်း သယ်ယူစရိတ်က ပုံမှန်ထက် ၁၀ ဆနီးပါးမြင့်တက်နေတာကြောင့် ကုန်စည်အားလုံးမသယ်ယူနိုင်တဲ့အခြေအနေတစ်ရပ်လည်းဖြစ်ပါတယ်။ 

ယခင်က ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်တွေကို မုံရွာမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း သယ်ယူပို့ဆောင်နေကြပေမယ့် ၂၀၂၂ ကုန်ပိုင်းမှာ တော်လှန်ရေး အင်အားစုတွေက ရေကြောင်းကို ပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ကားလမ်းပိုင်းဖြစ်တဲ့ ကောလင်း-ပင်လည်ဘူး- ဖောင်းပြင်-ဟုမ္မလင်း လမ်းပိုင်းမှာလည်း စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲကြောင့် လုံးဝအသုံးပြုလို့မရတဲ့ အခြေအနေဖြစ်နေဆဲဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့် ဟုမ္မလင်းအတွက် လိုအပ်တဲ့ ကုန်စည်တွေကို ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကိုယ်ထူကိုယ်ထဖောက်လုပ်ထားတဲ့  ဗန်းမောက်-ဟုမ္မလင်း မြို့နယ်ချင်းဆက်လမ်း နဲ့ ချောင်းကြီးချောင်းကိုအသုံးပြုကာ ရေကြောင်းမှ တဆင့် သယ်ယူနေရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *