ကျောက်မီးသွေးတွင်းတူးဖော်ဖို့စီစဉ်နေတဲ့နေရာအနီးစစ်ကောင်စီတပ်ရဲ့ကင်းစခန်းအသစ်အတွက်ဒေသခံတွေအဓမ္မစေခိုင်းခံရ

ဧပြီ ၂၀ ၊ နမ့်စန် 

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်မှာ ကျောက်မီးသွေးတွင်းတူးဖော်ဖို့ စီစဉ်နေတဲ့ နေရာအနီးမှာ စစ်ကောင်စီတပ်ရဲ့ကင်းစခန်းအသစ်တည်ဆောက်ရာမှာ ဒေသခံတွေကို အဓမ္မစေခိုင်းခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က  ဧပြီလ (၁၉) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ 

မတ်လကုန်မှာ နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နမ့်မိုကျေးရွာသား တစ်ရာကျော်က စစ်ကောင်စီတပ်တွေအတွက် ကတုတ်ကျင်းတူတာ ၊ သစ်ဝါးခုတ်တာ ၊ ခြံစည်းရိုးကာတာတွေကို ပြုလုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံတိုင်းစစ်ဌာနာချုပ် လက်အောက်ခံ ခလရ ၅၅၃ က  မတ်လ ၂၈ ရက်ညတွင် နမ့်စန်မြို့နယ် နမ့်မိုကျေးရွာကို ရောက်ရှိလာပြီး ကျေးရွာရဲ့ အိမ်ထောင်စုတွေကို တောင်းယူမှုတွေပြုလုပ်ကာ တစ်ထောင်စုကို တစ်ယောက် မဖြစ်မေ ကင်းစခန်းကို သုံးရက်အတွင်း တည်ဆောက်ပေးဖို့ စေခိုင်းခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောပါတယ်။ 

စစ်ကောင်စီတပ်က တည်ဆောက်တဲ့ ကင်းစခန်းတည်ဆောက်မှုကလည်း နမ့်မိုဒေသခံ လုန်းဆာရဲ့ ယာမြေပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီး ပိုင်ရှင်ဆီကို အကြောင်းကြားတာ ခွင့်တောင်းတာအပြင် လျော်ကြေးတွေလည်း မပေးဘူးလို့ထုတ်ပြန်ပါတယ်။ 

ကျောက်မီးသွေးတူးဖော်မယ့် ကုမ္ပဏီက မန္တလေးအခြေစိုက် ငွေရည်ပုလဲကုမ္ပဏီဖြစ်ပြီး ရှမ်းပြည်တစ်ခွင်မှာ ကျောက်မီးသွေးတူးဖော်မှု အကြီးစားပြုလုပ်နေတဲ့ ကုမ္ပဏီလည်းဖြစ်ပြီး ဒီလိုတူးဖော်မှုကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ လူမှုဘဝကို ပြင်းပြင်းထန်ထန်ရိုက်ခတ်နေတယ်လို့ ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *