ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာမယ်လို့ ကချင်ပြည်နယ်နေ့မှာ စစ်ကောင်စီဆို

 ၂၀၂၅ ဇန်နဝါရီလ ၁၀ ၊ မြစ်ကြီးနား

ယနေ့ ဇန်နဝါရီလ(၁၀)ရက်မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် ’ကချင်ပြည်နယ်နေ့’မှာ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာရမယ်လို့ စစ်ခေါင်းဆောင်က ဆိုလာပါတယ်။

ကချင်ပြည်နယ်ရဲ့ အရှေ့ခြမ်းတစ်ခုလုံးနီးပါး ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိိုက်သိမ်းပိုက်ထားပြီး ဒုတိယမြို့တော် ဗန်းမော်မြို့ကို စစ်ရေးဖိအားတွေတိုးနေချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံပြောဆိုတာလည်းဖြစ်ပါတယ်။ 

နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေတဲ့ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့  တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ရပ်များကြောင့် တိုင်းရင်းသားအားလုံး ဆင်းရဲကြပ်တည်းနေကြပြီး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အဖြေရှာရန်လိုအပ်နေပြီဖြစ်ကြောင်း သူကပြောပါတယ်။

စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဖော်ဆောင်နေပြီး ၎င်းတို့တပ်မတော်နဲ့အတူ လိုက်ပါပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားထားပါတယ်။

ကချင်ပြည်နယ်နေ့အခမ်းအနားပွဲကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရရုံးမှာ လုံခြုံရေးတင်းတင်းကြပ်ကြပ်ဖြင့် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး  ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ချုပ်ဆိုခဲ့တဲ့  ပင်လုံစာချုပ်ပါသဘောတူညီချက်အရ ကချင်ပြည်နယ်နေ့ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့မှစ လွတ်လပ်ရေးရပြီးနောက် (၆)ရက်အကြာမှာ ပထမဆုံးရှမ်းတိုင်းရင်းသားသမ္မတ စဝ်ရွှေသိုက်က  ဇန်နဝါရီလ(၁၀)ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

သို့ပေမယ့် ကချင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တဲ့ ရှမ်းနီ၊ တိုင်းနေ၊ တိုင်းဆာ ၊ တိုင်းခမ်းတီ ၊ တိုင်းလုံတို့ဟာ  နှစ်ပေါင်းများစွာကြာဖိနှိပ်မှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး တိုင်းရင်းသားစာပေသင်ကြားခွင့်အပါအဝင် ရိုးရာယဉ်ကျေးမှုဖော်ထုတ်ခွင့်တွေပါ ကန့်သတ်ခံနေရဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *