စစ်ကိုင်းငလျင်ကြောင့် မြို့ပေါ်လူနေအိမ် ၈၀ ရာခိုင်နှုန်းထိခိုက်ပျက်စီး

ဧပြီ ၁၂ ၊ စစ်ကိုင်း  

စစ်ကိုင်းတောင်ရိုးအနောက်ဘက်ကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်  စစ်ကိုင်းမြို့ပေါ်ရှိ နေအိမ်များ၏ ၈၀ ရာခိုင်နှုန်းဟာ ထိခိုက်ပျက်စီးခဲ့သည်ဟု အာဏာပိုင်များနှင့် ဒေသခံများက ဆိုသည်။ 

မြို့ပေါ်ကတော့ တော်တော်ဖြစ်တာပေါ့ကွာ၊ ရွာဘက်ကတော့ အဲ့လောက်မဆိုးဘူး၊ လမ်းတွေနဲ့ အိမ်တွေကတော့ ပြိုတဲ့ဟာတွေက ပြိုတာပေါ့ကွာ ၊ အိမ်ကြီးတဲ့ဟာတွေကတော့ ပြိုတာပေါ့အကုန်” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ဆိုသည်။ 

မတ်လ ၂၈ ရက််နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များရှိ နေအိမ်ရာနှင့်ချီ ပြိုကျပျက်စီးခဲ့သလို တချို့သော နေအိမ်များသည် မပြိုသော်လည်း  ထိခိုက်ပျက်စီးမှုများစွာရှိခဲ့သည်။ 

ဒါ့အပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေကြောင့် အချိန်မှီ မကူညီမကယ်ဆယ်နိုင်ခဲ့သလို သတင်းအချက်အလက်ရရှိမှုများလည်း နောက်ကျခဲ့သည်ဟု ဒေသခံများကဆိုသည်။ 

ဖုန်းလိုင်းတွေ ၊အင်တာနက်လိုင်းတွေလည်းပျက် ၊ မီးကပြန်မရသေးတော့ အကုန်လုံးပျက်ကုန်တာ၊ မြို့ပေါ်မှာက ကယ်ဆယ်တဲ့မီးသတ်တွေလည်း ထိတာ။ အကုန်အပြိုအပျက်တွေကြီးပဲ၊ တစ်ပတ်လောက်ကြာမှ ဟိုက ဒီကလာကူကြတာ ၊ မင်းငါ့နယ်  ငလျင်လှုပ်တော့ ငါ့အိမ်တောင်ပြိုပြီလို့ကိုထင်တာ တော်သေးတယ်ဘာမှမဖြစ်လိုက်ဘူး၊ မြို့ပေါ်ကိုတက်ကြည့်တော့မှ တော်တော်ကြီးကို ဆိုးတာ” လို့ စစ်ကိုင်းမြို့ခံ နောက်ထပ်တစ်ဦးက ဆိုသည်။ 

ငလျင်လှုပ်ခတ်မှုကြောင့်  စစ်ကိုင်း-မန္တလေး ဧရာဝတီမြစ်ကူးတံတား တစ်စင်းပြိုကျပျက်စီးခဲ့သလို တံတားအသစ်သည်လည်း ချဉ်းကပ်လမ်းပျက်စီးမှုတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်နှေးခဲ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆိုကြသည်။ 

လက်ရှိတွင် စစ်ကိုင်းမြို့တယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးသွားပြီး  ပြိုကျပျက်စီးနေသည့် နေအိမ်များကို ပရဟိတအဖွဲ့များက ရှင်းလင်းမှုလုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်သည်။ 

စစ်ကိုင်းငလျင်ကြောင့် နေအိမ်များထိခိုက်ပျက်စီးသည့်အပြင် သေဆုံးသူ စစ်ကိုင်းတိုင်းက မြို့နယ်(၃)ခုမှာ သေဆုံးသူ(၄၇၁)ဦး၊ ဒဏ်ရာရရှိသူ (၆၈၈)ဦးရှိပြီး စစ်ကိုင်းမြို့တွင် အများဆုံးလည်းဖြစ်သည်။ 

ဒါ့အပြင် စစ်ကိုင်းမြို့နယ်အတွင်းမှာ  မြို့ပေါ်ရှိ စေတီပုထိုးအကုန်နီးပါး ၊ စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင်  ၊ မင်းကွန်းဒေသရှိ နာမည်ကျော်သည့် သမိုင်းဝင် ပုထိုးတော်ကြီး၊ မြသိန်းတန် ဘုရားများ ပြိုကျပျက်စီးခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *