
မတ် ၁၉ ၊ စစ်ကိုင်း
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၇ ရက်နေ့ကနေ စတင်ကျင်းပနေပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ စာစစ်ဌာနတွေ ယခင်နှစ်ထက်လျော့ကျလာနေတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုတွေအရသိရပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၃၅ ခုနဲ့ ဖြေဆိုသူ ကျောင်းသား/သူ ၁၀၃၀၅ ဦးရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စာစစ်ဌာန ၃၈ ခုအထိရှိခဲ့ပြီး ဖြေဆိုသူ ငါးထောင့်ခြောက်ရာကျော်ရှိခဲ့တာပါ။
အခုလိုလျော့ကျလာဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့မြို့နယ်တွေကို NUG လက်အောက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးမှုတွေရရှိထားတာကြောင့်လို့ လေ့လာသုံးသပ်နေသူတွေကဆိုကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ ခရိုင် (၁၃) ခရိုင် ၊ မြို့နယ် ၃၇ မြို့နယ်ရှိပြီး လက်ရှိ မြို့နယ်အများစုမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး မြို့နယ် တစ်ခုအပါအဝင် မြို့ ၄ မြို့ကို NUG က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စာစစ်ဌာနတည်ရှိတဲ့နေရာတွေဟာလည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ပေါ်တွေမှာသာ အဓိကထားရှိထားပြီး မြို့တစ်ခုမှာ စာစစ်ဌာနတစ်ခုသာရှိနေတယ်လို့လည်း ယူဆနိုင်ပါတယ်။
NUG တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့နယ်တွေနဲ့ တိုက်ခိုက်နေဆဲမြို့တွေမှာတော့ အခုလို စာစစ်ဌာနတွေနဲ့ စာမေးပွဲဖြေဆိုခြင်းမရှိပါဘူး။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းမေးပွဲမှာ စာစစ်ဌာနပေါင်း ၈၁၇ ခုရှိပြီး ဖြေဆိုဖို့ စာရင်းရှိလူဦးရေ ၂၂၀၈၄၃ ဦးအနက် မြန်မာစာဖြေဆိုခဲ့သူ ၂၀၈၈၈၉ ဦးရှိပြီး ပျက်ကွက်သူ ၁၁၉၅၄ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။